ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာကြပြီဖြစ်သော်လည်း မြို့ထဲတွင် မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းများ တွေ့ရှိရသည့်အတွက် ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။ တီးတိန် တိုက်ပွဲတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းအများပြား တွေ့ရှိရပြီး သက်ဆိုင်ရာအဖွဲ့စည်းများအနေဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရယ် လုံခြုံရေးအတွက် အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်းလည်း မြို့ခံများကဆိုပါသည်။

“လမ်းကြား၊ ခြံဝန်းတွေမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေ အများအပြား တွေ့ရတယ်။ ရာသီဥတုကြောင့်ဘဲဖြစ်ဖြစ်၊ တိရစ္ဆာန်ကြောင့်ဘဲဖြစ်ဖြစ် အဲ့ဒီ စစ်ကျန်ပစ္စည်းတွေဟာ အချိန်မရွေး ပေါက်ကွဲလာနိုင်တယ်။ အဲ့ခါကျရင် မလိုအပ်ဘဲ လူအသက်ဆုံးရှုံးမူတွေ ရှိလာနိုင်တယ်။ အဲ့အတွက် အမြန်ဆုံးဖယ်ရှားပေးစေလိုပါတယ်” ဟု တီးတိန်းဒေသခံတစ်ဦးက Tongsan Media Group ကို ပြောပါသည်။

အဆိုပါ တွေ့ရှိရသည့် စစ်ကျန်ပစ္စည်းများသည် မြို့မရပ်ကွက်၊ လွယ်ဘွလ်ရပ်ကွက်နှင့် မြို့ပြင်များတွင် အများအပြား တွေ့ရှိရကြောင်း ၎င်းကဆိုသည်။ တီးတိန်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီနှင့် ချင်းညီနောင်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ဒေသခံပြည်သူများအားလုံးနီးပါးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရာမှ ပြန်လည် ရောက်လာခြင်းဖြစ်သည်။

“စစ်ဘေးရှောင်တွေ အကုန်လုံး ပြန်ရောက်ပါပြီ။ တိုက်ပွဲလည်း မရှိတော့ဘူး။ မြို့ထဲလည်း ပုံမှန်အခြေနေမျိုးတွေ ပြန်ရောက်လာပြီဆိုတော့လည်း မနေ့ကစလို့ ကလေးတွေ ကျောင်းအပ်နေကြပြီ။ လောဆယ် အထက (၁)မှာ ကျောင်း သား နှစ်ရာကျော်လောက် ကျောင်းအပ်လက်ခံနေပါပြီ။” ဟု တီးတိန်ဒေသခံ ကျောင်းဆရာတစ်ဦးက Tongsan Media Group ကို ပြောပါသည်။ တီးတိန်မြို့ရှိ ကျောင်းများအားလုံးဖွင့်နိုင်ရေးအတွက် စစ်ကောင်စီတပ်မှ အရာရှိများက စီစဥ်ဆောင်ရွက်နေပြီး ကျောင်းအတွက် လိုအပ်သည့် သန့်ရှင်းရေးများလည်း ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည် တီးတိန် တိုက်ပွဲတွင် စစ်ကောင်စီမှ အရပ်သား နေအိမ်များကို မီးရှို့သောကြောင့် နေအိ​မ် ၆၅လုံးခန့် မီးလောင်ပျက်စီးသွားကာ စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို သိမ်းပိုက်ရရှိထားပြီး စစ်သုံးပန့်နှင့် လက်နက်ခဲယမ်းများကိုလည်း ဖမ်းဆီးသိမ်းဆည်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed