■ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့ညက ထုတ်ပြန်လိုက်ပါတယ်။

ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်း စတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက် နေ့မှာ စတင်လုပ်ဆောင်တော့မှာဖြစ်သလို စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က နိုင်ငံရေးအရ ဖြေရှင်းဖို့ ဖိတ်ခေါ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထားကို မသိရ သေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ NCA စာချုပ် ရှစ်နှစ်ပြည့်တုန်းကလည်း ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကို NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ NUG လက်အောက်ခံမဟုတ်တဲ့ PDF တပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးဖြစ်ပြီး အရင်က အသိအမှတ်မပြုကြောင်းနဲ့ အမြစ်ဖြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာထားပါတယ်။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed