ဖလမ်းမြို့ထဲမှာ ထွက်ပြေးဖို့ ခက်ခဲ့တဲ့ အသက်ကြီး နာတာရှည်ရောဂါရှိတဲ့သူနဲ့ အိမ်စောင့် အဖြစ်ကျန်နေတဲ့ သူတွေ လူဦးရေ ၃၀၀ ဝန်းကျင်လောက်ကျန်နေရှိနေတယ်လို့ ပြောပါတယ်။ အခုလက်ရှိစစ်ရေး အခြေနေနဲ့ပတ်သက်လို့ ချင်းညီနောင်အဖွဲ့ (CB) က ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီဘက်ကလည်း နိုဝင်ဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ချင်းအမျိုးသားကာကွယ်ရေတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ် ကတော့ ဖလမ်းမြို့ အပါဝင် ချင်းညီနောင် တပ်ဖွဲ့တွေ ရှိတဲ့ မြို့အားလုံးကို ၂၀၂၄ မတိုင်ခင် သိမ်းနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ သတင်းဌာနတွေမှာပြောကြပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ ကနေလည်း ဖလမ်းမြို့ ကို ဒီနေ့ နို၀င်ဘာ ၁၀ ရက်နေ့ မနက် ရှစ်နာရီက စလို့ တစ်နာရီ ခြားတစ်ခါ အဝေးပစ်လက်နက်ကြီး (Short Range missile) နဲ့ ပစ်တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောကြပါတယ်။
နိုဝင်ဘာ ၈ရက်နေ့မှာ လည်း ဖလမ်းမြို့ မှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီး ကြောင့် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အဲဒီအိမ်က လောင်ထားတဲ့ ဓာတ်ဆီတွေကြောင့် နေအိမ်နှစ်လုံးမီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က နေစပြီ ဖလမ်းမြို့ မှာ တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကျည်ထိလို့ ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Daw Van Cer Chin) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ အမျိုးသားနှစ်ဦးနဲ့ ၂၆ ရက်နေ့မှာ တောင်ယာ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ဦးတို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။ ဖလမ်းမြို့မှာ လူဦးရေ တစ်သောင်းခန့် ရှိတာဖြစ်ပြီး မြို့တွင်းတိုက်ပွဲအခြေနေကြောင့် မြို့လုံးကျွတ်နီးပါး ကလေးမြို့ ၊ ဟားခါး ၊ရန်ကုန်၊ Mizoram state (India) စတဲ့ မြို့ကြီးတွေအပါဝင် နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်ရှောင်နေကြတာဖြစ်ပါတယ်။



Hits: 0