တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက် နှင့် မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၁၁ ရက်နေ့ ည (၁၁) နာရီခန့် က လေယာဉ် နှစ်စီးက ဗုံး ၅ လုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း၂၀ဦး သေဆုံးပြီး၊ ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အတည်ပြု သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊ PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက်တွင်သိမ်းယူခဲ့သည်။ မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။ တိုက်ပွဲများဖြစ်ပွားစဉ်ကတိမ်းရှောင်ခဲ့သည့်ဒေသခံများသည် မိုးကုတ်မြို့၌ပြန်လည်အခြေချနေသည်။

ယခုအခါ စစ်ကောင်စီက လေကြောင်းမှ တကြော့ပြန်ဗုံးကြဲတိုက်ခိုက်လာ၍ မြို့ခံများစိတ်ပူနေကြသည်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် နိုဝင်ဘာ၁၀ရက်တွင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုတွင် နေအိမ် ၁၀လုံးလည်း ပျက်စီးခဲ့ပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမည်ကို ဒေသခံများက စိုးရိမ်နေသည်။ စစ်ကောင်စီသည် ယနေ့ (နိုဝင်ဘာလ ၁၂ရက်)တွင် မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed