တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု သိရှိရသည်။ အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များကဆိုသည်။ ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး၎င်းမြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရသည်ဟုဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ ဆက်လက်၍ဖုန်း အဆက်အသွယ်ပြုလုပ်ခွင့်ရသေးကြောင်းလည်း သိရှိရသည်။

ယမန်နှစ်အောက်တိုဘာလနှင့် ယခုနှစ် သြဂုတ်လဆန်းကာလအတွင်းဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်များ နှင့် တော်လှန်ရေးမဟာမိတ်တပ်များသည် ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အရှေ့ဖက်ရှိ လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့များအပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်သာမက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုလည်း သိမ်းယူနိုင်ခဲ့သည်။

တိုင်းရင်းသားတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်များ၏ နေရာအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုပြုတ်ကျမည်ကိုစိုးရိမ်လာသည့် တရုတ်အာဏာပိုင်များက တရုတ်မြန်မာနယ်စပ်ဂိတ်ရှိကုန်ပစ္စည်းများစီးဆင်းမှုကို ထိန်းချုပ်ခဲ့သကဲ့သို့ လားရှိုးမြို့မှ ကိုးကန့်တပ်များ ထွက်ခွာပေးရန်၊ ကိုးကန့်တပ်နှင့် အခြား တော်လှန်ရေးတပ်များမဆက်နွယ်ရန် ကိုးကန့်တပ်နှင့် မဟာမိတ်ဖြစ်သူ “ဝ” တပ်ဖွဲ့၏ ခေါင်းဆောင်များကို ဖိအားပေးပြောဆိုခဲ့ကြောင်း သိရှိရသည်။


“ဝ” ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် တိန့်ရှီကျွင်းက လောက်ကိုင်မြို့မှ အချမ်းသားဆုံး ကိုးကန့်မိသားစုလေးစု ခြေမှုန်းခံခဲ့ရသည် အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံကို ဆန့်ကျင်၍ဖြစ်ကြောင်း၊ ထိုဖြစ်စဥ်ကို သင်ခန်းစာယူရန် လိုအပ်ကြောင်း၊ ထိုမိသားစုလေးစု မရှိတော့သော်လည်း ကိုးကန့်ဒေသ ရှင်သန်နိုင်သေးကြောင်း၊ သို့သော် “ဖုန်” မိသားစုမရှိလျှင် ကိုးကန့်ဒေသ ရှင်သန်ရန် မဖြစ်နိုင်တော့ကြောင်း၊ ၎င်းကိုယ်တိုင် MNDAA ခေါင်းဆောင်ကို ကိုယ်တိုင်တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်ကြောင်း “ဝ” ခေါင်းဆောင်များကို ပြောဆိုခဲ့သည်။ တရုတ်၏ သဘောထားဖြစ်သည့် MNDAA က လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာရမည်ဆိုသည်ကို ဆန့်ကျင်လျှင် “ဖုန်” မိသားစုသည် ကိုးကန့်ဒေသ၏ ငါးခုမြောက် မိသားစုအဖြစ် ချေမှုန်းခြင်းခံရမည် ဟု “ဝ” ခေါင်းဆောင်များကို တိန့်ရှီကျွင်းက ပြောဆိုခဲ့သည်။

တရုတ်၏ ထိုကဲ့သို့ ဖိအားပေးလာမှုကြောင့် ကိုးကန့်တပ်နှင့် အတူစစ်ကောင်စီအား တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားမဟာမိတ်တပ်များသည် ယခုအခါ ကိုးကန့်ထိန်းချုပ်နယ်မြေများမှ စွန့်ခွာ၍ တအာင်းတပ် TNLA ထိန်းချုပ်သည့် ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့များသို့ ပြောင်းရွှေ့ခဲ့ရသည်။
လားရှိုးမြို့တွင်မူ ကိုးကန့်တပ်များဆက်လက်တပ်စွဲထားပြီး ဖုန်တာရွှင်အား တရုတ်က ဖမ်းဆီးထားသည့်အခြေအနေပေါ်မူတည်၍ လားရှိုးမြို့စစ်ရေးအခြေအနေ ပြောင်းလဲလာနိုင်ကြောင်း တော်လှန်ရေးတပ်များအတွင်း စိုးရိမ်မှုများရှိနေသည်။

“ဖုန်တာရွှင်ကတော့ သူအသေခံလိုက်မယ် လားရှိုးကမဆုတ်ဖို့ ပြောထားတယ်” ဟု စစ်ကောင်စီအားတော်လှန်နေသည့် ထိပ်တန်းတော်လှန်ရေးအကြီးအကဲတစ်ဦးကဆိုသည်။ သို့ရာတွင် အခြားတစ်ဖက်တွင်လည်း ကိုးကန့်တပ်များ ၎င်းတို့၏ ခေါင်းဆောင်ကံကြမ္မာကို ထောက်ရှု၍ လားရှိုးမှနေ၍ အချိန်မရွေးပြန်ဆုတ်ခွာသွားနိုင်ကြောင်းလည်း တော်လှန်ရေးတပ်များအတွင်း ပြောဆိုနေမှုရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed