ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ကုန်းပေါရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူ ခြောက်ဦး သေဆုံးပြီးနောက် ဆက်လက်ပစ်ခတ်နေလို့ နေရာရွေ့ပြောင်းရတယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ နိုဝင်ဘာလ ၂၇ ရက်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ရပြီးနောက် ၂၈ ရက်မှာ ပြည်သူ နှစ်ဦးထပ်မံ ဒဏ်ရာရရှိခဲ့ရကာ ခုလက်ရှိမှာတော့ နေရာရွေ့ပြောင်းနေပြီလို့ သိရပါတယ်။

“စစ်ရှောင်နေကြပါပြီ၊ ထပ်ပြီးထုတာတွေရှိတော့လေ၊ ရွေ့ပြောင်းရတဲ့ အခက်အခဲတွေရှိတယ်၊ စားနပ်ရိက္ခာ အခက်အခဲတွေရှိပါတယ်၊ ဘေးကင်းမယ်ထင်တဲ့နေရာရွေ့ကြရတာပေါ့ “လို့ ပြည်သူတွေကို ကယ်ထုတ်ပေးတဲ့ ဖယ်ခုံ PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားမှုရှိတဲ့နေရာတွေမဟုတ်ဘဲ ဒေသခံ ပြည်သူတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ၁၅ ကြိမ်ထပ်မနည်း ပစ်ခတ်တာကြောင့် ပြည်သူ ၁၀၀ ကျော် စစ်ဘေးရှောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ၃ နှစ်ကျော်ကာလအတွင်း နေရာရွေ့ပြောင်းပြီး ၂ နေရာထက်မနည်း စစ်ရှောင်ရတဲ့သူတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

လက်နက်ကြီးကြောင့် ထိခိုက်မိသူ နဲ့ သေဆုံးရသူတွေက အမျိုးသမီးတွေ အများစုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသမီး ၂၅ ဦးနဲ့ ကလေး ၁၅ ဦးဟာ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed