စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ငါးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ကလေးမြို့နယ်၊ လက်ပံချောင်းရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးသွားပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၄ နှစ်အရွယ် မောင်လာလ်းရတ်အဲလ် (lal Rap Ei)၊ အသက် ၂၅ နှစ်အရွယ် မလားဗျက်ပွီး (Ni lalbiakpuii)၊ အသက် ၅၄ အရွယ် ဒေါ်လှောင်နိတ်ပါရ် (Pi Lawn Neigh Par) နဲ့ အသက် ၆၅ နှစ်အရွယ် ဦးလာလ်း မှိန်းထန်အာ (lalhmingthanga) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။အလားတူ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ကင်မွန်းချုံရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၄၀ အရွယ် ဒေါ်ဇာဇာထွေးဖြစ်ပြီး ရွာထဲက လူနေအိမ်တွေလည်း အများအပြား ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာ မရှိဘူး။ လက်နက်ကြီးနဲ့ ကျေးရွာဘက်တွေ လျှောက်ပစ်တာ။ ရွာတွေထဲကျတော့ လူတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ရတယ်။ ကင်မွန်းချုံရွာမှာတော့ တစ်ဦး ဆုံးသွားတယ်။ အမျိုးသမီးတစ်ဦးကတော့ ပေါင်ကို ထိသွားတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်” စစ်ကောင်စီတပ်က ကလေးမြို့နယ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရသူ ခြောက်ထောင်အထိ ရှိလာပြီဖြစ်ပါတယ်။
Hits: 0