ချင်းပြည်နယ် မင်းတပ် ဖလမ်းမြို့ နှစ်မြို့မှာ ရှိတဲ့ စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးအင်အားစု ဖြစ်တဲ့ ချင်းညီ နောင် တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိန်းချုပ်ထားနိုင်ပြီလို့ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီဇင်ဘာလ ၃ ရက် ဒီကနေ့မှာ ပြောပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းမှာတည်ရှိတဲ့ မင်းတပ်မြို့နဲ့ ၊ ချင်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ဖလမ်းမြို့တို့ရှိ စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးအင်အားစုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၉ရက် က နေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့နှစ်မြို့လုံးမှာ ရှိတဲ့ စစ်အုပ်စုစခန်းတွေနဲ့ မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
” ကျနော်တို့ ဒီချင်းညီနောင်စစ်ဆင်ရေး မင်းတပ်၊ဖလမ်းကို ကျနော်ဒီ နိုဝင်ဘာ ၉ ရက်နေ့ ကနေ စတင်ခဲ့တာဖြစ် တယ်။အဲ့ဒီ စတင်ခဲ့တဲ့နောက်ပိုင်းမှာ မြို့တွင်းကို ကျ နော်တို့ ထိန်းချုပ်ထားနိုင်တဲ့ အခြေ အနေမှာ ရှိပါတယ်။ အခုမှာ ကျနော်တို့ အောင်ပွဲတွေ ရရှိတဲ့ အခြေအနေမှာ ရှိပါတယ်” လို့ ဆလိုင်းတင်မီက ဆိုပါတယ်။တိုက်ပွဲအတွင်း စစ်အုပ်စု အသေအပျောက်ရှိပြီး ၊ အရှင်ဖမ်းဆီးရမိတာတွေနဲ့ လက်နက်အများအပြား သိမ်းဆည်း ရရှိတာတွေကို မကြာခင် ထုတ်ပြန် ပေးသွားမယ်လို့ စစ် ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ CNF ဦးဆောင်တဲ့ ချင်းအမျိုးသား တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၂ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်ထိ တပတ်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးရွာဗာဇုန် (Ruavazung) စစ်အုပ်စုစခန်း၊ ဟားခါး-ထန်တလန် သွားလမ်းမကြီးဘေးမှာ တည်ရှိတဲ့ အွန်ပူပွက်နာခ်တောင် (Umpupuaknak Tlang)စစ်အုပ်စုစခန်း၊ နောန်ကျဲခ်ကုန်း (Nawncek Bo) စစ်အုပ်စုစခန်း စတဲ့ စစ်အုပ်စု စခန်း သုံးခု ကို သိမ်းပိုက် ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်အုပ်စုတပ်ရင်းမှူးဗိုလ်မှူးကြီး အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ ၂၀ ဦး ကို အရှင်ဖမ်းမိပြီး လက်နက် ၅၁ လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းအမျိုးသားတပ်ဦး (CN F) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဇင်ဘာ လ ၂ ရက် က MFP ကို ပြောကြားထားခဲ့ပါတယ်။ ” ၁၉ ဦးတော့ အရှင်ဖမ်းတာပေါ့နော်။ ဒဏ်ရာရတစ်ယောက်နဲ့တော့ ၂၀ ဦး ဖမ်းဆီထားတာပေါ့။ လက်နက် အား လုံးကတော့ ၅၁ လက် ပေါ့။ သိမ်းရတယ်။ပြီးတော့ ကျည်ဆံတွေလည်း ကျနော်တို့အများအပြား ရရှိထားတယ်” လို့ သူက ဆိုပါတယ်။
အဆိုပါ မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားကာကွယ် ရေးတပ် (CNO/CNDF) ၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ ၁ ၊ MDF မာရာကာကွယ်ရေးတပ်တို့အပြင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ GZA တပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ချင်းပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီး အိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေ ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီး မြို့ကိုတော့ အာရက္ခတပ်တော် (AA) ကတိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
Hits: 0