တောင်ကိုရီးယား သမ္မတ ယွန်ဆော့ယိုးက ရုပ်မြင်သံကြားမိန့်ခွန်းမှတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပြီး နိုင်ငံ၏ အဓိကအတိုက်ခံပါတီဖြစ်သည့်ကိုရီးယားဒီမိုကရေစီပါတီ (DPK) က အုပ်ချုပ်၍မရအောင် လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။ သမ္မတယွန်းက အရှက်တရားကင်းမဲ့သည့် မြောက်ကိုရီးယားကိုထောက်ခံသည့် နိုင်ငံတော်ဆန့်ကျင်ရေး အင်အားစုများကို တိုက်ဖျက်ချေမှုန်းသွားမည်ဟုဆိုကာ ကြိုတင်အသိပေးခြင်းမရှိဘဲ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စစ်အုပ်ချုပ်ရေးကိုကြေညာခဲ့ခြင်းဖြစ်သည်။
၁၉၈၀ နောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာ ခြင်းလည်းဖြစ်သည်။ ထိုသို့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ အစိုးရအတိုက်အခံပါတီက လွှတ်တော်အမတ်များကို အင်္ဂါနေ့ ညနေက အမျိုးသားလွှတ်တော်အစည်းအဝေးခေါ်ယူလိုက်သည်ဟု The Korea Times ၏ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ သမ္မတ၏ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းရန် လိုအပ်သည့် ဆွေးနွေးမှုများနှင့် လုပ်ထုံးလုပ်နည်းများ စတင် ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားလွှတ်တော်အမတ်များကို DKP ပါတီက လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
DKP ပါတီခေါင်းဆောင် အီဂျယ်မြောင်က သမ္မတယွန် ၏ စစ်အုပ်ချုပ်ရေးဥပဒေအရေးပေါ်ကြေညာချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဟုပြောကြားခဲ့ပြီး လူထု၏ဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုဖြစ် သည်ဟု ရှုတ်ချခဲ့သည်။ “ သမ္မတယွန်က အရေးပေါ်စစ်အုပ်ချုပ်ရေးကို အကြောင်းမဲ့ (သက်သက်မဲ့) ထုတ်ပြန်လိုက်တာပါ”ဟု လီက ပြောသည်။ “သံချပ်ကာကားတွေ၊ သံချပ်ကာ ယာဉ်တွေနဲ့ သေနတ်နဲ့ ဓားတွေကိုင်ထားတဲ့ စစ်သားတွေက တိုင်းပြည်ကို မကြာခင် အုပ်စိုးတော့မှာပါ” ဟု သူကဆက်ပြောသည်။
တောင်ကိုရီးယားလွှတ်တော်အပြင်ဘက်တွင် ရဲတပ်ဖွဲ့က တင်းကျပ်စွာ လုံခြုံရေးယူထားပြီး လွှတ်တော်အဆောက်အဦပေါ်တွင် ရဟတ်ယာဉ်များလည်း ပျံဝဲနေကာ လွှတ်တော်အဆောက်အဦခေါင်မိုးပေါ်သို့လည်း ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သည်ဟု AFP သတင်းဌာနထံမှ သိရသည်။ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်အဆောက်အဦ အပြင်ဘက်တွင်လည်း လူအုပ်ကြီး စုဝေးနေကြောင်း သတင်းဌာနများက ဖော်ပြနေကြသည်။
Hits: 0