ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံမှာရောက်နေပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိပေမဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး အထူးသဖြင့် မြောက်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနေချိန်မှာ KIO အဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံကို သွားခဲ့တာပါ။

KIO အဖွဲ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲဟာ ဒီကနေ့ဆို ၆ ရက်မြောက်ရှိလာပြီး စစ်ကောင်စီဘက်ကလည်း နေ့စဉ်ရက်ဆက် လေ ကြောင်း ကတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ဒီလိုဗန်းမော်တိုက်ပွဲပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ဖိတ်ကြားချက်အရ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့အဖွဲ့ဟာ တရုတ်နိုင်ငံကို ဆွေးနွေးပွဲတက်ဖို့ သွားရောက်နေပါတယ်။ KIO ဥက္ကဋ္ဌခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံကိုသွားတာဖြစ်ကြောင်း၊ ဘယ်အ ကြောင်းအရာတွေ အဓိကဆွေးနွေးမယ် ဆိုတာ မသိရကြောင်းနဲ့ ပုံမှန်ကျင်းပနေကျ ဆွေးနွေးပွဲမျိုးဖြစ်နိုင်ကြောင်း KIO /KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“သွားတာတော့ မနေ့က သွားကြပါပြီ။ ဥက္ကဋ္ဌကြီး သူ ဦးဆောင်ပြီးတော့ သွားကြပါပြီ။ ဘယ်သူ ပါတာတော့ အတိအကျမသိဘူး။ သူတို့ဟိုအထက်က လူကြီးတွေပေါ့နော။ ဥက္ကဋ္ဌကြီး ဦးဆောင်ပြီး သွားတယ်ဆိုတာတော့ ကြားသိရပါတယ်။ ကျနော်တို့ အထွေထွေအတွင်းရေးမှူးတို့၊ ဗိုလ်ချုပ်ဂွမ်မော်တို့ သွားတယ်လို့တော့ ကြားရတယ်။ ပုံမှန် တလတကြိမ် မဟုတ်လို့ရှိရင်တော့ နှစ်လတကြိမ် အမြဲတမ်း တွေ့တယ်ဆိုတော့ ခါတိုင်းတွေ့သလိုပဲ တွေ့တာများလားလို့ ယူဆတာပေါ့။”

တွေ့ဆုံမယ့်နေရာကိုလည်း အတိအကျမသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIO နဲ့ နီးစပ်သူတယောက်ကတော့ အရင်တခေါက်က KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် သွားရောက်ခဲ့ပြီး တရုတ်အစိုးရဘက်က နယ်စပ်တည်ငြိမ်ရေးကို အဓိက ဆွေးနွေးခဲ့သလို နယ်စပ်မြို့တွေ မသိမ်းဖို့ ကိုလည်း ဖိအားပေးခဲ့ကြောင်း ပြောပါတယ်။

“နောက်ဆုံးတခေါက်က ဒုဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ဂမ်ရှောင် သွားတာပေါ့။ ဟိုတခေါက် ရင်ကျန်းမှာ တွေ့တာပေါ့။ တရုတ်ကတော့ ဖိအားပေးတာပေါ့။ လွယ်ဂျယ် မသိမ်းနဲ့၊ ကန်ပိုက်တီမသိမ်းနဲ့၊ ပန်ဝါ မသိမ်းနဲ့။ တရုတ်က တောက်လျှောက်ဖိအားပေးတာပေါ့။ နဂိုတုန်းကျတော့ နယ်စပ်ဒေသ တည်ငြိမ်ရေးပဲ ပြောတာပေါ့။ နောက်ဆုံးတခေါက်ကျတော့ မြောက်ပိုင်းတခြမ်းလုံး တိုက်ပွဲ မရှိဖို့ တည်ငြိမ်ဖို့ ပြောတာပေါ့။”

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပန်ဝါမြို့ တိုက်ပွဲပြင်းထန်ချိန်မှာလည်း တရုတ်အထူး ကိုယ်စားလှယ်က KIO ခေါင်းဆောင်တွေကိုဖိတ်ကြားပြီး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တရုတ်-မြန်မာနယ်စပ်ဒေသက ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက် ပိတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

KIA ကတော့ တရုတ်ဘက် နယ်စပ်မြို့တွေ မသိမ်းဖို့ တောင်းဆိုတဲ့ကြားကပဲ နိုဝင်ဘာလမှာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကန်ပိုက်တီမြို့ကို ထပ်မံ သိမ်းယူခဲ့ပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့မှာ ဒီကနေ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း ပြောဆိုပေမဲ့ ဗန်းမော်ထောင်ဖွင့်လိုက်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

လောလောဆယ် ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ်မြို့ကြီးတွေမှာ ဖုန်း၊ အင်တာနက် လိုင်းတွေ ပြတ်တောက်နေတာကြောင့် မြေပြင်သတင်းရရှိဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်တွင်း က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed