ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက အင်အားရာချီဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေမှုများကြောင့် တပတ်ကြာခုခံအပြီးမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။ ဟားခါး- ထန်တလန်လမ်းပေါ်ရှိ Kiamtlang စခန်းကုန်းသည် စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်သောကြောင့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင် သိမ်းနေရသော စခန်းတစ်ခုဖြစ်ကြောင်း ချင်းအင်အားစုများက ပြောသည်။

နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၁ဦး သေဆုံးပြီး ၁၉ဦး အရှင်ဖမ်းဆီးခံခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များပါဝင်သော ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် ဟားခါးမြို့အနီး တပ်ကုန်း စခန်း တစ်ခုကို စစ်ကောင်စီက အင်အားရာချီ အသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က အဆိုပါတပ်စခန်းကို ပြန်ရသွားခဲ့သည်ဟု ဆိုသည်။

“အဲဒါကတော့ ဟားခါးမြို့နယ်မြေပေါ့။ နီးနီးကပ်လေးပဲ။ ဟားခါးမြို့ရဲ့ ဂေါက်ကွင်းနားမှာရှိတဲ့ တောင်ထိပ်တစ်ခုဖြစ်ပါတယ်။ အဲဒါ စစ်ကောင်စီ ဘက်က အင်အား ၂၀၀နဲ့ ထိုးစစ်ဆင်တာကြောင့် ၁၀ရက်လောက်ကြာ ခုခံနိုင်ပေမယ့် ၁ရက်မှာ မခုခံနိုင်တော့ဘူးပေါ့။ ဟားခါးမြို့သိမ်းပွဲလုပ်ဖို့ဆို အဲဒါက အရေးပါတဲ့နေရာဖြစ်ပါတယ်။ အဲဒါကိုတော့ စစ်ကောင်စီ ဘက်က ပြန်ရတာပေါ့။ အဲဒါကတော့ သတင်းမှန်ပါ” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်များသည် နိုဝင်ဘာ ၂၂ရက်တွင် ဟားခါး − ထန်တလန်အကြားနှင့် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်စခန်း ၈ခု သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၆၀ကျော်သိမ်းရခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed