◾️ထွက်ပြေးသော စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့လည်း ဖမ်းမိ
◾️အလောင်းများစာရင်းအရ စစ်ကောင်စီတပ်သား ၄၅၀အထက် သေဆုံးနိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)အား ဒီဇင်ဘာ ၈ရက်တွင် သိမ်းပိုက်ပြီးနောက် မောင်တောဒေသတစ်ခုလုံး အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူအင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဟု AA က အသိပေးသည်။

စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားခြင်း၊ အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားခြင်း၊ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိဟု ဆိုသည်။ အာရက္ခစစ်သည်တော်များသည် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်သည်ဟုလည်း ထပ်မံ အသိပေးထားသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ရ၍ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

နခခ (၅) စခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် ပူးပေါင်းတိုက် ခိုက်နေကြသည့် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက် ကိုင်တပ်ဖွဲ့ဝင်များအပြင် မောင်တောဒေသနှင့်ကပ်လျက်ရှိသော အခြားသောမြို့များရှိ စစ်ကောင်စီ၏စခန်းများမှ ထွက်ပြေးလွတ်မြောက်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များအားလုံးသည် နခခ (၅) ထဲမှ အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် မိမိတို့အား အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

နခခ (၅) စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ၂၀၂၄ အောက်တိုဘာ ၁၄ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း (၅၅)ရက် ခန့်ကြာမြင့်ခဲ့သည်။ နခခ (၅) ထိုးစစ်ကာလအတွင်း အာရက္ခစစ်သည်တော်များအနေဖြင့် နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ် ဆင်နိုင်ခဲ့သည်ဟု AAက ဆိုသည်။

ထို့အပြင် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ စစ်ကောင်စီတပ်သား (၄၅၀)အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed