စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
စစ်ကိုင်းတပ်မ (၃၃) ကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားကျေးရွာရဲစခန်းကိုထိုင်ဖို့ တောလမ်းကနေလာတဲ့ စစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ စစ်သား၂၀ကျော်သေဆုံးပြီး၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ရွှေဘိုခရိုင်တပ်ရင်း(၁၈)ရဲ့တာဝန်ရှိသူကပြောပါတယ်။
“ကျည်ကုန်သွားလို့ သုံးဦးဖမ်းမိတဲ့အနေအထားပါ။လက်ရှိအနေအထားကတော့သူတို့ ကတောထဲမှာစဥ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားလို့ကျွန်တော်တို့ လိုက်လံပိတ်ဆို့ဖမ်းဆီးနေပါတယ်။သူတို့ရှိမ်းမကားအထိမရောက်သေးပါဘူးဗျ’လို့ ရွှေဘိုခရိုင်တပ်ရင်း၁၈ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုနေမျိုး (ပဲခူး)ကပြောပါတယ်။
ဒီတိုက်ပွဲမှာ သေနတ် ၅ လက်၊ လက်ဗစ်ဗုံး၂လုံး၊ ရှေ့ထွက်မိုင်း၁လုံး၊ မြင်းခွာနင်းမိုင်း၄လုံး၊ ဒရုန်းဖြတ်စက်၁ခု၊ ၆၀မမဗုံးသီးတလုံးနဲ့အခြားစစ်အသုံးဆောင်တွေသိမ်းယူနိုင်ခဲ့တယ်လို့ တပ်ရင်း(၁၈)ကထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ ရှိမ်းမကားကျေးရွာဘက်ကိုသွားဖို့ပြင်ဆင်နေပြီး တော်လှန်ရေးတပ်တွေကဝိုင်းရံတိုက်ခိုက်နေသလို ရှိမ်းမကားကျေးရွာရဲစခန်းကလည်းအနောက်ဘက်ကို လက်နက်ကြီးပစ်ကူပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ကပဲ ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေးတပ်ကထွက်လာတဲ့ ထောက်ပံ့နဲ့ပို့ဆောင်ဆက်သွယ်ရေးတပ်က မင်းကုန်းကျေးရွာနဲ့ မှတ်ထိကျေးရွာကြားမှာတိုက်ပွဲဖြစ်ပြီး တပ်ဖွဲ့ဝင် ၇၇ဦးမှာလည်း ၇၁ ဦးသေဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။မနက်၇နာရီကနေ ညနေ၄နာရီအထိ ၉ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဝက်လက်မြို့ကိုထောက်ပို့သွားမယ့်စစ်ကြောင်းလို့သိရပါတယ်။
“ဝက်လက်နယ်မှာ၂၀၂၄ခုနှစ်အတွင်းအခုလိုအပြုတ်မဖြုတ်နိုင်သေးပါဘူး။အခု၁၀၂၇ဒုတိယလှိုင်းမှာလက်နက်တွေရလာလို့ အခုလိုမျိုးထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ “လို့ ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်းကတပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။
ဒီတိုက်ပွဲ၂ခုလုံးမှာစစ်ကိုင်း တပ်မ(၃၃)ကအရာရှိနဲ့တပ်သားတွေပါဝင်ပြီး တပ်မ၃၃ဟာ စစ်တပ်ရဲ့ အပူးတပ်တွေထဲကအကြမ်းဆုံးတပ်မလို့နာမည်ကြီးတဲ့တပ်ပါ။တပ်မ၃၃ဟာ ချင်းပြည်နယ်၊ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တပ်ဖြစ်သလို လက်ရှိ တောင်ခမ်း နဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေဆီစစ်ကူပို့ထားတဲ့တပ်လည်းဖြစ်ပါတယ်။
မင်းကုန်းရွာအနီးတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း (၁၅) ၊ရွှေဘိုခရိုင် အမှတ်(၂၃)တပ်ရင်း၊အမှတ်(၂) ခရိုင်ကွက်ကဲရေး၊ရွှေဘိုခရိုင်တပ်ရင်း( ၁) ၊တပ်ရင်း(၂) နဲ့ မြို့နယ်ပကဖ၊ဝက်လက်တိုက်နယ်(၂)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။



Hits: 0