ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီမြို့နယ် နောက်လူကျေးရွာအနီး ဘုရားသုံးဆူ-ဆန်ခလဘူရီ လမ်းမကြီး‌ပေါ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ညက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်နှစ်စီး တိုက်မိတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။

အဲဒီပစ်ကပ်ယာဉ်နှစ်စီးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် သုံးဆယ် လိုက်ပါလာတယ်လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသားနှစ်ဦးကို ထိုင်းလူမှုကူညီရေးအဖွဲ့က ဆေးရုံကို ပို့ဆောင်ထားပြီး ယာဉ်မောင်းသူနှစ်ဦး အပါအဝင် တခြားသူတွေကတော့ ထွက်ပြေးသွားကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဘက်ကို ပွဲစားတွေနဲ့ချိတ်ဆက်ပြီး တရားမဝင်လာရောက်မဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလို ဖြစ်ရပ်တွေကို သတိထားကြဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“အသက်အပို မပါတဲ့အတွက် ကြိုးတန်းလမ်းလျှောက်စွန့်စားတာမျိုး၊ ပွဲစားတွေရဲ့စေစားရာ ခေါ်ဆောင်ရာကြောင့် ဇာတ်နာရတဲ့ဘဝမျိုး မရောက်စေချင်ဘူး။ ဖြစ်နိုင်ရင် တရားဝင်နည်းလမ်းတွေနဲ့ လုပ်ပါလို့ ပြောရအောင်ကလည်း တရားဝင်လမ်းကြောင်းက MOU စနစ်က ကြာတယ်။ အဲဒီလို သည်းမခံနိုင်တဲ့အခါကျတော့ တရားမဝင်လမ်းကြောင်း ခပ်မြန်မြန်ရောက်တဲ့နည်းကို ရွေးချယ်ကြတဲ့အခါ အခုလိုမလျော်ကန်တဲ့ ဖြစ်ရပ်ဆိုးတွေကြုံရတာလို့” မိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်း ထိုင်းဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ချိန် ယာဉ်တိုက်မှုတွေကြောင့် မြန်မာ ၃၁ ဦး သေဆုံးခဲ့ပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ JACBA အဖွဲ့က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်