ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂ မှ တပ်မှူး နှစ်ဦးအပါအဝင် ၈ ဦးတို့ဟာ တပ်မဟာ ၁ ထံလာရောက်ပူးပေါင်းခဲ့တယ်လို့ CDF-Matupi တပ်မဟာ ၁ က ဇန်နဝရီလ ၈ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်မှာ CDF-Matupi တပ်မဟာ နှစ်ခုရှိကာ တပ်မဟာ ၁ က ICNCC/ချင်းညီနောင် နဲ့ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းသလို တပ်မဟာ ၂ က ချင်းပြည်ကောင်စီနဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းထားပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် ဆန္ဒရှိတဲ့ တပ်မဟာ ၂ မှာ တပ်မှူး ၂ ဦးနဲ့ ရဲဘော် ၆ ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတို့မှာ တပ်မဟာ ၁ ထံဝင်ရောက်ပူးပေါင်းလာ ခဲ့တာဖြစ်ပြီး တပ်မဟာ ၁ ရဲ့ မူဝါဒစည်းမျဉ်းများနဲ့အညီ ကြိုဆိုလက်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ “ နာမည်တွေက ပြောလို့မရသေးလို့ပါ။ ၂ ယောက်တွဲလာတာရှိသလို တစ်ယောက်တည်း လာတာလည်းရှိတယ်။” လို့ CDF-Matupi တပ်မဟာ ၁ မှတာဝန်ရှိသူ ဆလိုင်းဘွေအုပ်က ပြောပါတယ်။

တပ်မဟာ ၁ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ကိုနောက်ဆုံးထားပြီးတော့ မတူပီပြန်လည် တည်ဆောက်ရေးကို အား ကြိုးမာန်တက် လုပ်ဆောင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ထံ မတူပီတော်လှန်ရေးရဲဘော် များအားလုံး အမြန်ဆုံးပူးပေါင်းပါဝင်ကြရန် အသိပေးထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မဟာ ၁ မှ ဆလိုင်းဘွေအုပ်က “ကျနော်တို့ဖက်က လက်ခံကြိုဆိုတယ်၊ တဖက်က မတူပီပြန်လည်တည်ဆောက်ရေးမှာ ပူးပေါင်းခြင်းမရှိဘဲ ဆက်လက်နှောက်ယှက်နေရင် မတူပီမြို့နယ်ဟာ ပြည်သူ့ဝန်ဆောင်မှု၊ ဒေသဖွံဖြိုးရေးတွေက အစ နောက်ကျ ကျန်ခဲ့မှာဖြစ်ပါတယ်။မတူပီ ပြန်လည် တည်ဆောက် ရေးမှာ အမြန်ဆုံး ပူးပေါင်းပေးကြဖို့ ဖိတ်ခေါ်တဲ့ သဘောပါ။” လို့ ဆိုပါတယ်။

စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့ မတူပီမြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခများ ထပ်ဖြစ်လာရင် လက်သင့်ခံမှာ မဟုတ် ကြောင်းနဲ့ CDF-Matupi တစ်စုတစ်စည်းတည်းဖြစ်ရေးလိုလားတဲ့ တပ်ရင်းတပ်ဖွဲ့များကို တပ်မဟာ ၁ က အမြဲ လက်ကမ်းကြိုဆိုတယ်လို့ ဆိုပါတယ်။

မတူပီမြို့ကို အရက္ခတပ်တော် အပါအဝင် မဟာမိတ်များနဲ့ ချင်းညီနောင်တပ်ဖွဲ့ များက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာ အပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပြီးတော့ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားရေး စတဲ့ ဌနအသီးသီးမှ ကျရာတာဝန်များကို ယခုအချိန်ထိကြိုပမ်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်