မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်အတွင်းက မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင်တဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဟာ တလကျော်ကြာထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့လေကြောင်း ပစ်ကူတွေကြားကနေ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။ မဲပလီဗျူဟာစခန်းဟာ ဖာပွန်မြို့နဲ့ ဘီးလင်းမြို့ကြားမှာ တည်ရှိပြီး၊ ဒီဗျူဟာကုန်းစခန်းဟာ တော်လှန်ရေး တပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဖာပွန်ဗျူဟာ စခန်းကို အဓိက အထောက်အပံ့ပေးနေတဲ့ စခန်း ဖြစ်တာကြောင့် စစ်ရေးအရ အရေးပါပါတယ်။

မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိ တပ်ရင်းမှုး အပါအဝင် တပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

ဒါ့အပြင် မဲပလီဗျူဟာစခန်းကနေ ဟောင်ဝစ်ဇာအမြောက်လက်နက်ကြီး အပါအဝင် လက်နက်ငယ်နဲ့ ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်၊ ကျဆုံးတာတွေ ရှိခဲ့ပါတယ်။ Force for Federal Democracy (FFD) တပ်ဖွဲ့ရဲ့ ဒုတပ်ခွဲမှုး တဦးဟာ မဲပလီစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နဲ့ Force for Federal Democracy (FFD) တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့မှာ ပြည်သူများကို ဖိနှိပ် ရိုက်နှက်သတ်ဖြတ်ခဲ့သူများ ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင် တို့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာ သား အမျိုးသမီးတစ်ဦး အပါအဝင် ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်