စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်မှာ အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ချင်းပြည်သူလူထု စုစုပေါင်း ၉၆၅ ယောက်သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အရပ်သား ၄၉၁ ယောက်၊ တော်လှန်ရေးတပ်ဖွဲ့၀င် ၄၇၄ ယောက် ပါ၀င်တယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့တဲ့ ချင်းတော်လှန်ရေးရဲဘော်တွေထဲမှာအမျိုးသမီး ၉ ယောက်ပါဝင်ပြီး အမျိုးသားရဲဘော်ကတော့ ၄၆၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ၄ နှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်း ကနေ ဗုံး ၁၀၆၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အဦး ၁၂၈၀ ကျော်၊ အစိုးရအဆောက်အဦး ၃၈ လုံးကျော်နဲ့ သာဘာရေးအဆောက်အဦး ၃၉ လုံးကျော် ပျက်စီးခဲ့ရတဲ့အပြင် ၂၄၉ ယောက် သေဆုံးခဲ့ကာ ၄၂၄ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ၄နှစ်အတွင်း လူနေအိမ် အဆောက်အဦး ၃၄၇၉ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့်လည်း သေဆုံးသူ ၇၇ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ “မြို့တွေကို တာ်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းသိမ်းထားနိုင်ပြီဆိုပေမယ့်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ကိုယ့်ဒေသကို ပြန်လည်အခြေချဖို့ အခက်တွေ့နေရပါသေးတယ်” လို့ ICA သတင်းနှင့် ပြန်ကြားရေး ဆလိုင်းဗန်ဆွီးဆန်က ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ထွက်ပြေးနေရသူ အရေအတွက်ဟာ အိန္ဒိယနိုင်ငံမှာ ၆သောင်းခွဲကျော်နဲ့ ချင်းပြည်နယ်အတွင်းမှာ ၁ သိန်း ၃သောင်းလောက် ရှိနေတယ်လို့ ဆိုထားပါတယ်။

ICA သတင်းနှင့် ပြန်ကြားရေး ဆလိုင်းဗန်ဆွီးဆန် ကပဲ ဆက်လက်ပြီး “ဒီဒေတာအချက်လက်တွေကို ကြည့်ခြင်းအားဖြင့် စစ်ကောက်စီရဲ့ လုပ်ရပ်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်၊ ဒီအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနှင့် ထိရောက်တဲ့ လုပ်ဆောင်ချက် တစ်ခုခုကို လုပ်ဖို့အတွက် တိုက်တွန်းချင်ပါတယ်၊ ပြီးတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ခံယူချက်နှင့် ဖြစ်ပြီးသား ဒေတာတွေကို ကြည့်ပြီး ခံယူချက်အပေါ် မားမားမတ်မတ်ရပ်တည်ကြဖို့ ပြောချင်ပါတယ်” လို့ဆိုပါတယ်။

ချင်းပြည်နယ်မှာ မြို့ပေါင်း ၂၀ ရှိတဲ့အထဲက ရိဒ်ခေါဒါရ်၊ ရေဇွာ၊ ဝေဘူလ၊ နှာဟရိန်၊ ဆူရ်ခွား၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ ကျီခါး၊ တွန်းဇံ၊ မတူပီ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်း ချုပ်ထားတာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်