ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားသည့် ကောလင်းမြို့အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်းပေါင်း ၉၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ သိမ်းဆည်းထားသည့် ငွေကြေးများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင် စာရင်းပြုစုထားပြီး နိုင်ငံပိုင်ဘဏ္ဍာနှင့် ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲသွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဆိုသည်။

“ကျနော်တို့က စနစ်တကျ သိမ်းဆည်းဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့စုံနဲ့ ဒီနေရာကို သွား ရောက် စိစစ်တယ်… ပုဂ္ဂလိကဘဏ်တွေလည်း ကျနော်တို့က ထိန်းသိမ်းရမယ့် ပုံသဏ္ဌာန်မျိုးတွေရှိတယ်။ စနစ်တကျ‌ SOP (လုပ်ငန်းစီမံချက်) အတိုင်းပဲ မြေပြင်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စနစ်တကျထားရှိတဲ့ ပုံစံမျိုးပါ” စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များက လေးရက်ကြာ တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်စွဲထားသည့် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် မြေစာရင်းရုံး၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့ကာ ခရိုင်အဆင့်ရှိ မြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်တပ်စွဲထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ စီမံခန့်ခွဲနေသည်။ စစ်ကောင်စီကလည်း ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ကန့်ဘလူမြို့နှင့် ဝန်းသိုမြို့တို့မှ ပျူစောထီးနှင့် စစ်သားများပါဝင်သည့် စစ်ကြောင်းများစေလွှတ်နေသဖြင့် နေ့စဉ် တိုက်ပွဲဖြစ်နေသလို ယနေ့ နေ့ခင်းပိုင်းတွင်လည်း ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်အနီးတွင် တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed