ပြီးခဲ့သည့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၂) က အင်အား ၁၂၆ ဦးပါသည့် လောက်ကိုင်အခြေစိုက် စစ်ကောင်စီ ခမရ (၁၂၉) မှ တပ်ရင်းတစ်ရင်းလုံး မိသားစုဝင်များနှင့်အတူ လက်နက်ချခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်များက ယနေ့ (နိုဝင်ဘာ ၁၄) တွင် သတင်းထုတ်ပြန်လိုက်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် ထိုတပ်ရင်းမှ စစ်သား ၁၂၇ ဦးနှင့် တပ်မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၁ ဦးတို့သည် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ်တပ်များထံ ဆက်သွယ်ပြီး လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခမရ (၁၂၉) သည် ကိုးကန့်ဒေသ (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းဖြစ်သည်။ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ထောက်ပံ့ထားသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

‘၁၀၂၇ စစ်ဆင်ရေး’ ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ကောင်စီလက်အောက်မှ ရဲနှင့် စစ်သားများကိုလည်း လက်နက်ချ အညံ့ခံရန် ဆော်သြထားပြီး အသက်အန္တရာယ်လုံခြုံမှုကို အာမခံကြောင်းနှင့် လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးမည်ဟုလည်း ကတိပေးထားသည်။ လက်နက်ချသူများကို မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ဟု မြောက်ပိုင်းမဟာမိတ်များက ဆိုပြီး မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားပါမည်ဟုလည်း ကြေညာသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed