စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။ စစ်ကောင်စီက ဒီကနေ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ စည်းဝေးပွဲ ကျင်းပပြီးနောက် “နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြင့် သတ်မှတ်လိုက်ကြောင်း” ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးလာခဲ့တာဖြစ်ပြီး ဒီတကြိမ်ဟာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။ မနှစ် ဇူလိုင်လကုန်မှာ နောက်ဆုံးအကြိမ် ၆ လ သက်တမ်းတိုးထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းအပြီး မကြာခင် ၂၀၂၁ ခုနှစ် ဧပြီလတုန်းကတော့ အရေးပေါ် သက်တမ်းကာလ ၂ နှစ် ထက် ပိုမကြာနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒီလိုပြောပြီး နောက်ပိုင်းမှာကိုပဲ သာမန် မဟုတ်တဲ့ အခြေအနေကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် ၆ လ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ သက်တမ်းတိုးတဲ့တချိန်တည်းမှာ စစ်ကိုင်း၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ပဲခူး၊မွန်၊ ကရင်နဲ့ ကယားပြည်နယ်ထဲက မြို့နယ် ၄၀ နီးပါးမှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး တချို့မြို့နယ်တွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ အခုလို အရေးပေါ် အခြေအနေ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီဘက်က ကတိပေးထားသလို ရွေးကောက်ပွဲ ကျင်းပနိုင်မဲ့ အခြေအနေ နောက်ထပ်ပိုပြီး နှောင့်နှေးကြန့်ကြာနိုင်တယ်ဆိုပြီး သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed