ယူကရိန်း-ရုရှား နှစ်နိုင်ငံ စစ်သုံ့ပန်း လဲလှယ်ရေးသဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၂၀၇ ဦး ဇန္နဝါရီ ၃၁ ရက်မှာ ပြန်လည်လွတ်မြောက်လာကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ လွတ်လာသူတွေထဲမှာ ရုရှားကျူးကျော်စစ် အစက ဖမ်းဆီးခံခဲ့ရတဲ့ မာရီယူပိုလ်နဲ့ မြွေကျွန်းက တပ်ဖွဲ့ဝင် အများစု ပါဝင်သလို နာမည်ကြီး အဇော့ဗ် တပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုရှားအစိုးရ သတင်းထုတ်ပြန်ချက်မှာတော့ စစ်သုံ့ပန်း အကျဥ်းသား ၁၉၅ ဦးချင်း အလဲအလှယ်လုပ်ခဲ့တယ်လို့ ဖော်ပြထားတာဖြစ်လို့ ပြန်လွတ်လာတဲ့အထဲမှာ ယူကရိန်းစစ်သုံ့ပန်း ၁၂ ဦး အပိုပါလာတယ်လို့ ယူကရိန်းသတင်း တွေက ဖော်ပြပါတယ်။ ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦး တင်ဆောင်လာတယ်ဆိုတဲ့ ရုရှား စစ်တပ် ပို့ဆောင်ရေးလေယာဥ် ဇန္နဝါရီ ၂၄ ရက်က ပစ်ချခံရပြီးနောက်မှာ ပထမဆုံးပြုလုပ်တဲ့ စစ်သုံ့ပန်းလဲလှယ်ရေး အစီအစဥ်လည်းဖြစ်ပါတယ်။

အခု ပြန်လည်လွတ်မြောက်လာတဲ့ ယူကရိန်းတပ်သားတွေဆီကနေ အဆိုပါ ပစ်ချခံရတဲ့ လေယာဥ် နဲ့ပတ်သက်လို့ သတင်းမှန်တွေ ပြန်လည်သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ယူကရိန်း စစ်တပ် အရာရှိတွေက ပြောပါတယ်။ ပစ်ချခံရတဲ့ လေယာဥ်ပေါ်မှာ စစ်သုံ့ပန်းတွေ ပါလာခြင်း ရှိ မရှိနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ယူကရိန်းက တောင်းဆိုထားပေမဲ့ ရုရှားအစိုးရက လက်မခံဘဲ ငြင်းဆိုထားတာဖြစ်ပါတယ်။

ပျက်ကျတဲ့ လေယာဥ်ပျက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ပြန်လည်သယ်ယူသွားပြီဖြစ်သလို ပျက်ကျတဲ့နေရာကို လည်း ရှင်းလင်းပြီးဖြစ်တယ်လို့ ရုရှားသတင်းတွေက ဖော်ပြနေပါတယ်။ လေယာဥ်ပေါ်မှာ ပါလာတဲ့ ရုရှားလေယာဥ်ဝန်ထမ်း ၆ ဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုပဲ ပြနိုင်ခဲ့ပြီး လေယာဥ်ပေါ် ပါလာတယ်ဆိုတဲ့ ယူကရိန်းစစ်သုံ့ပန်း ၆၀ ကျော်နဲ့ ပတ်သက်တဲ့သက်သေ အထောက်အထားကို ပြသနိုင်ခြင်းမရှိသေးဘူးလို့ ရုရှားသတင်းတွေကိုယ်တိုင်က ဖော်ပြနေတာလည်း တွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed