October 11, 2023 || Tongsan Media Group ||

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုး တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့ညမှာ စစ်ကောင်စီက သတင်းထုတ်ပြန် ပါတယ်။ မူဝါဒတွေဆန့်ကျင်ပြီး အကျိုးအမြတ်တွေရယူတာ၊ နိုင်ငံတော်က ချမှတ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေနဲ့ သွေဖယ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်တာတွေလုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြည်ပက စားသုံးဆီ တင်သွင်းမှုမှာ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ဒေါ်လာစျေးထက် စျေးတင်ရောင်းချတာကို သိရက်နဲ့ အရေးမယူတဲ့အပြင် ပါဝင်ပတ်သက်ခဲ့ပြီး လုပ်ငန်းရှင် ကုမ္ပဏီတွေဆီကနေ လာဘ်စားတာ၊ နိုင်ငံခြားငွေ တရားမဝင် လက်၀ယ်ထားရှိတာ၊ စစ်စည်းကမ်းချိုးဖောက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်း ပါဝင်လုပ်ကိုင်တာကြောင့် စစ်ခုံရုံးကအခုလို အမိန့်ချလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်ဟာ အရေးယူမခံရရင်ခင်က စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ တာ၀န်တွေ ယူထားသူဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးဟာလည်း ကုန်သွယ်မှုနဲ့ ကုန်စည် စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ အတူပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေတွေကို လဲလှယ်ပေးခဲ့တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ထံကနေ လာဘ်ငွေယူတာ နိုင်ငံခြားငွေတွေ တရားမဝင်လက်ဝယ်ထားရှိတာ ၊ စစ်စည်းကမ်းတွေ ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ထောင် ဒဏ်တစ်သက်တစ်ကျွန်းချမှတ်တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်တစ်ခုလုံးမှာ နံပါတ် (၆) အဆင့်မှာ ရှိပြီး သူ့အထက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တို့ ငါးဦးပဲ ရှိပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed