လက်ရှိဖြစ်နေတဲ့ ပါလက်စတိုင်းဟားမတ်စ်နဲ့ အစ္စရေးကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဘရာဇီးရဲ့အဆိုမူကြမ်းတင်သွင်းမှုကို အမေရိကန်က ဗီတိုအာဏာ သုံးပယ်ချခဲ့တာကို စိတ်ပျက်မိကြောင်း ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗီဆီလီ နီဘန်ညားက ပြောပါတယ်။

ဘရာဇီးရဲ့ အဆိုပြုချက်မှာ ပါလက်စတိုင်းတွေကို နေရာပြောင်းရွှေ့ခိုင်းနေတာကို ရပ်ဆိုင်းဖို့ ဂါဇာကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့နဲ့ အရပ်သားဓားစာခံတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖော်ပြထားတာလို့ နီဘန်ညားက ပြောပါတယ်။

ဘရာဇီးရဲ့ အဆိုပါ အဆိုပြုချက်မူကြမ်းကို ရုရှားအနေနဲ့ အချက် နှစ်ချက်ပြင်ဆင် ဖြည့်စွက်ပေးခဲ့ပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် လုံခြုံရေးကောင်စီမှာ အတည်ပြုဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ နီဘန်ညားက ဆိုပါတယ်။

ဂါဇာဆေးရုံပစ်ခတ်ခံရပြီးနောက်မှာ လူသားချင်းစာနာထောက်ထားမှုအတွက် အပစ်ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေကို ကန့်ကွက်ရှုတ်ချကြောင်း ရုရှားက ပြင်ဆင်ဖြည့်စွက်ခဲ့တာလို့ နီဘန်းညားက ပြောပါတယ်။ လူ့အသက်တွေကို ကယ်တင်ဖို့အဆိုပြုချက်ကို လုံခြုံရေးကောင်စီက အတည်ပြုနိုင်ခြင်းမရှိတာဟာ သွေးထွက် သံယိုမှုတွေကို ပိုမိုဖြစ်စေမယ်လို့လည်း နီဘန်းညားက ဆိုပါတယ်။

ဘရာဇီးက တင်သွင်းတဲ့ အဆိုပြုချက်မူကြမ်းကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပေမဲ့ အမေရိကန်က ကန့်ကွက်ခဲ့လို့ အတည်ပြုလို့မရခဲ့တာလို့ နီဘန်ညား က ဆိုပါတယ်။ အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ကတော့ အဆိုမူကြမ်းမှာအစ္စရေးရဲ့ ခုခံပိုင်ခွင့်ကို ဖော်ပြမထားသလို ဟားမတ်စ်တွေရဲ့ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချတာမပါတဲ့အတွက် ကန့်ကွက်ရတာလို့ ပြောပါတယ်။

ထူးခြားတာကတော့ အဆိုမူကြမ်းကို ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ ရုရှားကိုယ်တိုင်ကတော့ ထောက်ခံမဲ မပေးပဲ ဗြိတိန်နဲ့အတူ မဲမပေးပဲ ကြားနေခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီမှာ အစ္စရေးနဲ့ပတ်သက်လာရင် အမေရိကန်က အမြဲကာကွယ်ပေးလေ့ရှိတဲ့အတွက် ပါလက်စတိုင်းအစ္စရေးကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲချိန်ကလည်း ကုလသမဂ္ဂနဲ့ လုံခြုံရေး ကောင်စီဟာ ဘာမှ မလုပ်နိုင်ခဲ့သလို အခုဖြစ်ပျက်နေတဲ့ ဟားမတ်စ်အစ္စရေး စစ်ပွဲမှာလည်း ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့လည်း နိုင်ငံတကာသတင်းတွေမှာ သုံးသပ်ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed