ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် AA ရက္ခိုင်တပ်တော် ၏ ထိုးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနှင့် တပ်ဖွဲ့ဝင် ၂၃၀ ကျော်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။

လက်ရှိတွင် မြန်မာဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီး ယာယီခိုလှုံရာနေရာများဆီသို့ ရွှေ့ပြောင်းပေးနေကြောင်း၊ ယနေ့တွင်လည်း မြန်မာနယ်ခြားစောင့်ရဲ ၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံ ဝင်ပြေးလာကြောင်း၊ ထွက်ပြေးလာသူများတွင် ဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်လာပြီး ၎င်းတို့ကို နယ်စည်းမခြားဆရာဝန်များ အဖွဲ့ အပါအဝင် အဖွဲ့များက ဆေးကုသပေးနေကြောင်း သိရှိရသည်။

နယ်စည်းမခြား ဆရာဝန်များ MSF အဖွဲ့ကမူ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ဆေးကုသပေးပြီး သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်း၊ သက်သာသူများကို ဆေးခန်းမှ ပြန်လည် စေလွှတ်ခြင်းများ လုပ်ဆောင်ပေးကြောင်း ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ကျောင်း ၅ ကျောင်းကို ပိတ်ထားပြီး ပြည်သူများကိုလည်း ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်သူများကို အသိပေး‌ ပြောဆိုထားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်က ပစ်ခတ်လိုက်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီးနှင့် ရိုဟင်ဂျာ တစ်ဦး စုစုပေါင်း သေဆုံးသူ၂ ဦးအတွက်၊ မြန်မာစစ်တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာမှုများအတွက် စစ်ကောင်စီ၏ သံအမတ်အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဘင်္ဂလားဒေ့ရှ် သံအမတ် အောင်ကျော်မိုးကို ယနေ့ နံနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတော် ဧည့်ရိပ်သာသို့ ဆင့်ခေါ်ပြီး ကန့်ကွက်စာတစ်စောင်ကို ပေးပို့လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mia Mohammad Mainul Kabir က ပြောဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်