October 1, 2023 || Tongsan Media Group ||

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော် – TNLA က မနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်ဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ယာဉ် ၆ စီးကို မနေ့က ညနေ ၇ နာရီ ဝန်းကျင်မှာ ၁၀၅ မိုင်နဲ့ တုန်ခံ‌ကျေးရွာကြား TNLA ချုံခို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ များပြားတယ်လို့ TNLA မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။ “စယ်လန့် ဘက်မှာ အင်အားဖြည့်ဖို့ သွားတာ ထင်တယ်။ ကျနော်တို့က သတင်းကြိုရလို့ သွားစောင့်ပြီး တိုက်တာ။ ကားတွေကိုပစ်ပြီး နောက်ဆုတ်ခဲ့တယ်။ သူတို့ဘက်က ဆေးရုံတင်ထားရတာတွေလည်း ရှိနေတယ်” လို့ သူကပြောပါတယ်။

ဒီစစ်ကောင်စီတပ် ယာဉ် ၆ စီးဟာ ကိုးကန့် တပ်မတော်- MNDAA နဲ့ စစ်ရေးတင်းမာနေတဲ့ မုံးကိုးမြို့ကနေ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုဘက် အင်အားဖြည့်တင်းဖို့ ဦးတည်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ယာဉ်တန်း ချုံခို တိုက်ခိုက်ခံခဲ့ရပြီးနောက် တုန်ခံကျေးရွာ အနီး စစ်ကောင်စီတပ်က မနေ့ ည ၈ နာရီ ဝန်းကျင် အထိ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲက ရွာနားလေးမှာပဲ ဖြစ်တယ်။ တိုက်ပွဲငြိမ်ပြီးတဲ့ နောက်မှာ စစ်တပ်က တစ်ဖက်သတ် ရမ်းပစ်တာ။ ရွာကလူတွေကို ထိမထိတော့ အခုထိ မကြားမိသေးဘူး” လို့ တုန်ခံရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။

TNLA ဘက်ကတော့ စစ်ကောင်စီ ယာဉ်တန်း ချုံခိုတိုက်ခိုက်မှုနဲ့ စစ်ကောင်စီဘက်က သေဆုံးမှုကို တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း TNLA တပ်ရှိရာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ယာဉ်တန်းကို TNLA က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ တုန်ခံရွာ အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ပါတယ်။

Ref: Mekong News

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed