ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို ယနေ့ (ဇန်ဝါရီ ၁၆) နံနက်ပိုင်းတွင် ပစ်ချနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုသည်။ မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ နမ့်ဖက်ကာရွာရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၁၂၃ စခန်းကို KIA က ယမန်နေ့ (ဇန်နဝါရီ ၁၅) သိမ်းပိုက်ပြီးနောက် ထိုဒေသတစ်ဝိုက်တွင် KIA နှင့် စစ်တပ်အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ယနေ့နံနက် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေစဉ် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ချိန်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “ဘယ်လိုပုံစံနဲ့ ဘယ်လိုကျသွားလဲဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပစ်ချတယ်လို့တော့ ကြားပါတယ်။ ဂျက်ဖိုက်တာလို့တော့ ပြောတယ်” ဟု သူက ပြောသည်။ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတွင်လည်း ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျသွားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။ ထိုစဉ်ကလည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိပေ။

KIA သည် ၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်ကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်ပြီး အခြားသော တော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီမှုများပြုလုပ်နေသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။ ကချင် ပြည်နယ်နှင့် ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း KIA က အခြားသော ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ထိန်းချုပ်နိုင်ရန် မြေပြင်၊ ဝေဟင် အသုံးပြု၍ အပြင်း အထန်ကြိုးပမ်းနေသော်လည်း ယနေ့တိုင် အောင်မြင်မှုမရသေးပေ။ ထိုအခြေအနေတွင် လေကြောင်းနှင့် အဝေးပစ်လက်နက်ကြီးကို အားပြု၍ စစ်ကောင်စီက တိုက်ခိုက်နေရာ အရပ်သားအများအပြား ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များ KIA ထိန်းချုပ်ဒေသတွင် ပေါ်ပေါက်နေသည်။

အာဏာသိမ်းစ ၂၀၂၁ မေ ၃ ရက်ကတည်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားအတွင်း စစ်ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့သည်။ ထိုသို့ပစ်ချခံရသဖြင့် လေတပ်မှ အရာရှိစစ်သည်သုံးဦး ဆုံးရှုံးသည်ဟု မေလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ဝန်ခံခဲ့သည်။

၂၀၂၃ နိုဝင်ဘာလအတွင်းကလည်း ကရင်နီဒေသ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရကာ လေယာဉ်မှူး ဗိုလ်မှူးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်။ ထို့အတူ ၂၀၂၃ ဇူလိုင်ကလည်း ကရင်နီဒေသ ဘောလခဲမြို့နယ်တွင် စစ်လေယာဉ်တစ်စီးကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့သည်။

အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပို၍ အရှိန်မြင့်နေသည်။ တော်လှန်ရေးအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီဒေသ (ကယား ပြည်နယ်)၊ ကရင်ပြည်နယ်တို့ရှိ စစ်စခန်း၊ ရဲစခန်း ရာနှင့်ချီ သိမ်းပိုက်ထားနိုင်သလို နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြို့အချို့ကိုလည်း ထိန်းချုပ်ထားနိုင်ကြသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed