ချင်းပြည်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်တွေက ဒီမနက် ဇန်နဝါရီလ ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ CDF – Civic Defense Militia (CDM-Siyin) စစ်ဦးစီးချုပ် ကိုထောင်းပူက ပြောပါတယ်။

ချင်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့၊ ကလေး- ဖလမ်း ကားလမ်းနဲ့ ကလေး-တီးတိန် ကားလမ်းဆုံရာ၊ လမ်းပန်းဆက်သွယ်ရေး အချက်အချာ ကျတဲ့ သိုင်းငင်းကျေးရွာမှာ စစ်အုပ်စုစခန်း သုံးခု ရှိ ပြီး အဲ့ဒီ စခန်းတွေ အားလုံးကို ဇန်နဝါရီ (၁၂)ရက်က စတင်ပြီး ငါးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ ဒီမနက်ပိုင်း အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

သိုင်းငင်းရွာ စခန်းသိမ်း တိုက်ပွဲကို ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNA ဒု-ဗိုလ်မှူးကြီး ဦးဆောင်ကာ CDM စီးယင်း၊ CDF ထန်တလန်၊ CDF ဟားခါး၊ CDF -KKG၊ TCDF – တာဟန်း စတဲ့ မဟာမိတ်‌တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ CDM- စီးယင်း စစ်ဦးစီးချုပ် ကိုထောင်းပူက ပြောပါတယ်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၈ ဦးကျဆုံးခဲ့ကာ ၄၀ နီးပါဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သိုင်းငင်း စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့် ဉာဏ်၀င်း ဆိုသူ အပါအ၀င် အလောင်း (၂၂)လောင်း၊ (၆၀မမ)စိန်ပြောင်း တစ်လက်၊ RPG တစ်လက်၊ (G-4)တစ်လက်၊ (MA-2) သုံးလက်၊ (MA-3) ငါးလက်၊ (MA-1) ခုနှစ်လက်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်း ရမိတယ်လို့ CDM-စီးယင်း စစ်ဦးစီးချုပ် ကိုထောင်းပူက ပြောပါတယ်။

တိုက်ပွဲမှာ မသေတဲ့ စစ်အုပ်စု နှစ်ယောက် ကလေးမြို့ဘက် ထွက်ပြေးသွားလို့ လိုက်လံ တိုက်ခိုက် နေတယ်လို့လည်း ဆိုပါတယ်။ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲ ငါးရက်တာအတွင်း စစ်အုပ်စုက နေ့စဉ် လေကြောင်းသုံးပြီး စစ်ကူပေး ဗုံးကြဲသလို ကလေးမြို့ကနေ လက်နက်ကြီးနဲ့ စစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ရန်ကြောင့် သိုင်းငင်း၊ ဟိန်ဇိန်၊ ထေးဇန်၊ မွာလ်ပီး စတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။ သိုင်းငင်းကျေးရွာဟာ ကလေးမြို့နဲ့ မိုင်(၃၀)ဝန်းကျင် ကွာဝေးပြီး ကလေး-ဖလမ်း၊ ကလေး-တီးတိန် လမ်းမကြီး ဆုံရာ နေရာ ဖြစ်ကာ စစ်အုပ်စု ချင်းပြည်နယ်ကို ၀င်ထွက်ရာ အဓိက လမ်းမကြီး ဖြစ်ပါတယ်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က CDF CDM SIYIN မှ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် CDF CDM SIYIN ၊ PDF Kalay ၊ PDF Zoland ၊ RKDF နှင့် CNDF ပူးပေါင်းကာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် CDF CDM SIYIN ၊ PDF Kalay ၊ PDF Zoland နှင့် CNDF တို့ပူးပေါင်းကာ တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေးတပ်တွေက သိုင်းငင်းကျေးရွာ အနီးက ဆက်သွယ်ရေးအရ အရေးပါတဲ့ ကနေဒီတောင် စစ်အုပ်စုစခန်း အပါအ၀င် ဟားခါးမြို့နယ် အတွင်းက ဆူရ်းခွါ့မြို့ (Surkhua)၊ ဖလမ်းမြို့နယ် အတွင်းက ရိဒ်ခေါဒါရ်မြို့ (Rihkhuadar)၊ ဝေဘူလမြို့ (Webula)၊ မင်းတပ်မြို့နယ် မကွီးအိမ်နူးမြို့ (Makuiimnu)၊ မတူပီမြို့နယ်က လိုင်းလင်းပီးမြို့ (Lailenpi)၊ ထန်တလန်မြို့နယ် အတွင်းက နှာရိန်းမြို့ (Hnaring) စတဲ့ မြို့‌တွေကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed