October 3, 2023 || Tongsan Media Group ||

အရပ်ဖက်အဖွဲ့အစည်း (၃)ခုက ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကို AK- 47 သေနတ် ၄၀ လက်နှင့် ဆက်စပ်ခဲယမ်း ပစ္စည်းများ ပေးအပ်ခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ်များ ထပ်မံပေးအပ်ရန် ရှိသည်ဟု International Mindat K’Cho Organization (IMCO) က ယမန်နေ့က ထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကို AK – 47 သေနတ် ၄၀ လက်၊ ကျည် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို စက်တင်ဘာလ ၂၈ ရက်က ယင်းတပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံးမှာ International Mindat K’Cho Organization (IMCO)၊ Heal the world နှင့် CEA(Norway) တို့ ပူးပေါင်း၍ လက်နက်ခဲယမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

IMCO အရပ်ဖက်အဖွဲ့အစည်းက CDF မင်းတပ်ကို AK – 47 သေနတ် ၅၀ လက် ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက်ကို ၂၀၂၂ ဇွန်လက စတင်ခဲ့ပြီး သေနတ် ၅၀ လက်၊ ကျည် ၁၅၀၀၀ တောင့်၊ ကျည်အိမ် ၁၅၀ ခုကို ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းငါးထောင်ကုန်ကျမည်ဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

International Mindat K’Cho Organization-IMCO မှာ ဥက္ကဌ ဆလိုင်းထန်းရှိန်းလိန်းက “ကျနော်တို့ ဒေသက နွေဦးတော်လှန်ရေးမှာ ဦးဆုံး တပ်ဦးက ထွက်လာတဲ့ တပ်ဖွဲ့ဖြစ်တာနဲ့အညီ နွေဦးတော်လှန်ရေးအစပိုင်းမှာလည်း CDF မင်းတပ်က ရဲဘော်တွေ အတော်အကျအဆုံးများခဲ့တယ်။ ဒါတွေက ကျနော်တို့ဘက်မှာ တူမီးနဲ့ပဲ တော်လှန်နေရတော့ မောင်းပြန်သေနတ်ကိုင်ခိုင်းဖို့ ဒီလို ရည်ရွယ်ချက် ရှိပါတယ်။ အဖွဲ့ပေါင်းစုံက ကြိုးစားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအစပိုင်းတုန်းက အဆက်အသွယ်အားဖြင့် ဖြင့်စေ၊ လိုအပ်ချက် များစွာလည်း ရှိတော့ လက်နက်ခဲယမ်းကို ကောင်းကောင်း မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။

ဒါကြောင့်မို့ ၂၀၂၂ ဇွန်လမှာ ကျနော်တို့ NGO အဖွဲ့ EC အစည်းအဝေးကနေ ဆုံးဖြတ်ပြီးတော့ မောင်းပြန် သေနတ် အလက် ၅၀ ၊ ကျည်ဆံ ၁၅၀၀၀၊ ကျည်ဘောက် ၁၅၀ ကို စခဲ့တာဖြစ်တယ်။ အဲဒီ ပရောဂျက်အတွက်က NGU ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က တာဝန်ခံတချို့နဲ့ ကျနော်တို့ ဆက်သွယ်ပြီး သူတို့ အကူအညီနဲ့ ဒေါ်လာ တစ်သိန်း ရှင်းသောင်း ငါးထောင် ပရောဂျက်ကို စခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ပရောဂျက်လက်ကျန် AK – 47 သေနတ် ၁၀ လက်၊ ကျည် ၃၀၀၀ တောင့်၊ ကျည်အိမ် ၃၀ ခုတို့ကိုလည်း CDF – မင်းတပ်အဖွဲထံ မကြာမီ ပေးအပ်ရန် စီစဉ်နေသည်ဟု သိရသည်။ ယင်းပရောဂျက်အတွက် ကံစမ်းမဲ ထီလက်မှတ်များ ရောင်းချ၍ ရန်ပုံငွေ ရှာဖွေခဲ့ရာ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော် ရရှိခဲ့ပြီး ဒေါက်တာအငြိမ်း ဦးဆောင်သည့် Heal the World အဖွဲ့ နှင့် CEA (Norway) တို့မှ ဒေါ်လာ သုံးသောင်းခွဲကို အားဖြည့်ကူညီခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ မျှော်လင့်တာက မြေပြင်က လက်နက်ကိုင်နေတဲ့ ကလေးတွေကို ဖိအားသွားမဖြစ်ဖို့လည်း အရေးကြီးတယ်။ ဒီတော်လှန်ရေးကြီးက တနိုင်ငံလုံးက လူတွေက စည်းလုံးညီညွတ်ဖို့ လိုတယ်။ ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့က တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေ အားလုံးက စည်းလုံးညီညွတ်ပြီးတော့တစ်နိုင်ငံလုံးက တော်လှန်ရေးသမားတွေ မဟာမိတ်သမားတွေက စည်းလုံးညီညွတ်မှုနဲ့ လုပ်ဖို့ လိုမယ်ဗျ။ အဲဒီအချိန်ကြရင် CDF မင်းတပ်ကလည်း အင်ပြည့် အားပြည့် ပါဝင်နိုင်ဖို့ လက်နက်အားဖြင့် ဖြစ်စေ၊ ပါဝင်နိုင်ဖို့ ဒီဟာက ရည်ရွယ်တာဖြစ်တယ်။ နောက်ပိုင်းမှာလည်း ထပ်မံပြီး ဖြည့်ဆည်းပေးဖို့က အစီအစဉ် ရှိပါတယ်” ဟု ဆလိုင်းထန်းရှိန်းလိန်းကဆက်ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး CDF မင်းတပ်မှ တစ်ဦး ကျဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည် ဟု CDF မင်းတပ်က ထုတ်ပြန်ထားသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ကို CDF မင်းတပ်က ပြောက်ကျားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပြီးနောက် စစ်ကောင်စီက မြို့ပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်နေသည်ဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed