October 4, 2023 || Tongsan Media Group ||

ကရင်နီပြည်နယ်၌ စက်တင်ဘာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၇၈ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၃၆လက်၊ လက်နက်ကြီးငါးလက်နှင့် ခဲယမ်းမျိုးစုံကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်၏ ယာဥ်နှစ်စီးကို မီးရှို့ဖျက်စီးခဲ့ပြီး တစ်စီးအား မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကာ KNDFမှ စစ်သုံ့ပန်း ငါးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“ဖရူဆို – ဘောလခဲ တိုက်ပွဲအခြေအနေတွေက မပြီးသေးဘူး။ပြည်သူလူထုသိသင့်တဲ့ အချက်အလက်ကိုပဲ ထုတ်ပြန်လို့ရသလောက်ထုတ်ပြန်ထားတာမျိုးပေါ့။စစ်ရေးအရ အရေးကြီးတဲ့ ပုံစံဖြစ်နေတာလဲပါတယ်။လက်ရှိ စစ်ကောင်စီရဲ့ ထိုးစစ်အရ ရှေ့လျောက်လည်း တိုက်ပွဲက ဖြစ်နေဦးမှာပဲ။တိုက်ပွဲ အချိန်ကြာတာနဲ့ နည်းတာ ပဲကွာလိမ့်မယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၎င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော်နှင့် နန်းဖဲကျေးရွာများအထိ စစ်ကောင်စီက အနည်းဆုံးစစ်ကြောင်း‌ခြောက်ခုဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း အသိပေးသည်။

အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာဒုတိယအပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့် နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာတို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်းအချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်။

ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်း ကားအစီးရေ ၆၀စီးခန့်သည် ကရင်နီတော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ်သန်းနိုင်ခြင်း မရှိသေးပေ။ လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက်လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆)စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည်။

ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးစခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့သည်။ ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီမှ (၂)နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာပထမအပတ်အတွင်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခြေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ကြောင်း KNDFက ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် သုံးရက်ဆက် လာရောက်တိုက်ခိုက်ခဲ့သော်လည်းလက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။ ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နယ်တွင်လည်း ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့်အနီးတဝိုက်တွင် စစ်ကောင်စီကအခိုင်အမာ ခြေကုပ်ယူတပ်ဆွဲလျက်ရှိကာ မယ်စဲ့မြို့နယ်သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့အား စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းဟု KNDF က မှတ်ချက်ပြုသည်။

စက်တင်ဘာအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း(၂၉)ကြိမ် ပါဝင်တိုက်ခိုက်ခဲ့သည်။ စက်တင်ဘာအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရသည်။ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူတစ်ဦး သေဆုံးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံး၊ ကျန်းမာရေးအဆောက်အဦ(၁)လုံး နှင့် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပျက်စီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့်လည်း နေအိမ်(၂)လုံး ပျက်စီးခဲ့ရသည်။ စက်တင်ဘာအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် KNDF မှ ရဲဘော်ရှစ်ဦး ဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed