October 9, 2023 || Tongsan Media Group ||

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက် ၂၀၀၀ ကျော်ထိ မြင့်တက်လာကြောင်း တာလီဘန် အစိုးရက ပြောပါတယ်။ တာလီဘန်တွေ ပြန်လည် ကြီးစိုး သိမ်းပိုက်တာ ခံခဲ့ရတဲ့နောက် စီးပွားရေး အကျပ်အတည်းနွံထဲ နစ်နေတဲ့ နိုင်ငံဟာ အခုအခါ သဘာဝ ဘေးဆိုးကြီးတွေဖြစ်တဲ့ ငလျင်တွေရဲ့ ဖိနှိပ်မှုတွေကိုပါ ဆက်တိုက် ရင်ဆိုင်လာနေရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟီရတ် ပြည်နယ်ထဲက ဟီရတ်မြို့ရဲ့ အနောက်ဖက် ကီလိုမီတာ ၄၀ လောက် အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၆.၃ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက ဆိုးရွားတဲ့ ထိခိုက် ပျက်စီးမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။ ဟီရတ်ဟာ အာဖဂန်မှာ တတိယ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ တာလီဘန် ပြောရေး ဆိုခွင့်ရ အရာရှိ ဇာဘီဟူလာ မိုဂျာဟစ်က ငလျင်ကြောင့် သေဆုံးသူ ၂၀၅၃ ဦးနဲ့ ဒဏ်ရာရသူ ၁၂၄၀ ရှိခဲ့ကြောင်း၊ တစိတ်တပိုင်း၊ ဒါမှမဟုတ် လုံးဝဥဿုံ ပျက်စီးသွားတဲ့ နေအိမ် အဆောက်အအုံပေါင်း ၁၃၀၀ ကျော်ထိ စာရင်းရထားကြောင်း အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

ဟီရတ်ကို ကယ်ဆယ်ရေး အဖွဲ့တွေ စတင် ဆိုက်ရောက်နေပြီ ဖြစ်သလို စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကိုလည်း ငလျင်ဘေးသင့် ဧရိယာတွေဆီ ပေးပို့ထားပြီလို့ မိုဂျာဟစ်က ဆိုပါတယ်။ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ငယ်တွေလည်း လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေထဲ ပြန်ဝင်ဖို့ပါ တွန့်ဆုတ်နေခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေအရ ငလျင်ကြောင့် အဆောက်အအုံတချို့ ဆိုးဆိုးရွားရွား ပျက်စီး ပြိုကျနေတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် ဟီရတ်မြို့နားက ရှတ်ထ်ဟောင်းစ်၊ ဘာဟာဒေါ်ဇိုင်၊ ဇော်ယန်းနဲ့ ကော့ရှ်ကက် ဧရိယာတွေက အခြေအနေ အဆိုးဆုံးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဖဂန်ဟာ လူအသေအပျောက် များပြားတဲ့ ငလျင်တွေရဲ့ဒဏ်ကို ဆက်တိုက် ကြုံတွေ့နေရပါတယ်။ မတ်လတုန်းကလည်း အာဖဂန် အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နဲ့ နယ်စပ်နားမှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနှစ်က ဇွန်လတုန်းကလည်း နိုင်ငံအရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခုကြောင့် ပါကစ္စတန်နဲ့ နယ်စပ် ထိစပ်နေရာက ပက်တီကာနဲ့ ခေါ့စ်ဒေသတွေမှာ လူပေါင်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်ကြောင့် ဟီရတ်ပြည်နယ်ရဲ့ တက်ခ်မီနစ်စတန် နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်ရာ အပိုင်းတွေမှာ လူ ၂၀ ကျော် သေဆုံးပြီး ရွှံ့အုတ်နဲ့ တည်ဆောက်ထားရာ အိမ်ပေါင်း ရာနဲ့ချီ ပြားပြားဝပ် ပြိုကျခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed