October 9, 2023 || Tongsan Media Group ||

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုကို လက်တုံ့ပြန်ဖို့အတွက် အစ္စရေးလ်က အရန်တပ်တွေ ဆင့်ခေါ်နေတဲ့ တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ပဲ (အောက်တိုဘာ ၉) ပြောပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကတော့ ဟားမတ်စ် စစ်သွေးကြွတွေကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ ရောက်နေတဲ့ စစ်သွေးကြွတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် တနင်္လာနေ့ နေ့လယ်ပိုင်း စာရင်းအရ အစ္စရေးမှာ လူ ၇၀၀ နဲ့ ဂါဇာမှာ ၅၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဂါဇာကမ်းမြောင် ဒေသမှာ လူပေါင်း ၁ သိန်း ၂ သောင်း ၃ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး Jonathan Conricus ကလည်း စစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ဟားမတ်စ်စစ်သွေးကြွ တွေရဲ့ စစ်ရေးစွမ်းရည်တွေကိုကျဆင်းကုန်ခမ်းသွားအောင် လုပ်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်တွေ ဘယ်တော့မှ အုပ်ချုပ်လို့ မရနိုင်အောင် လုပ်မယ်လို့လည်း X လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြောထားပါတယ်။ အရန်တပ်သား ၃ သိန်းကျော်ကို စုဆောင်းထားတယ်လို့လည်း အစ္စရေးစစ်တပ်ကပြောပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ လျှပ်စစ်ဓာတ်အား၊ အစားအစာ၊ ရေနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ကို ဖြတ်တောက်မယ်လို့ ဗွီဒီယိုထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် Chuck Schumer ကတော့ သေဆုံးသူတွေထဲမှာ အနည်းဆုံး အမေရိကန် လေးဦး ပါဝင်ပြီး အရေအတွက် တိုးလာနိုင်တယ်လို့ပြောပါတယ်။ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဗြိတိန်၊ ပြင်သစ်၊ နီပေါ၊ ထိုင်းနဲ့ ယူကရိန်းနိုင်သားတွေလည်းပါဝင်ပါတယ်။ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell ကတော့ မနက်ဖြန်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးကို ခေါ်ယူပြီး အခြေအနေကို ဆွေးနွေးရန် ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မနေ့က တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

အစ္စရေး-ဟားမားစ် စစ်ပွဲ အရှိန်မြင့်တက်လာတဲ့နောက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောကြီး တစ်စီး အပါအဝင် စစ်သင်္ဘောတွေအပြင် တိုက်လေယာဉ်တွေကိုပါ အစ္စရေး ပိုင်နက်နား ချဉ်းကပ်ပြီး ဖြန့်ကျက်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဂါဇာကမ်းမြှောင် အခြေစိုက် ဟားမားစ် ပြောက်ကျားတွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက စစ်ပွဲ စတင်ခဲ့ပြီး အခုဆိုရင် အစ္စရေးတောင်ပိုင်း နယ်မြေတချို့ပါ ဟားမားစ်တွေ လက်ထဲ ကျရောက်နေပါတယ်။ အစ္စရေးက လတ်တလော နိုင်ငံပိုင်နက်ထဲမှာ အပြင်းအထန် စစ်တိုက်နေပေမယ့် ဂါဇာကမ်းမြှောင် တစ်ခုလုံးကို ထိန်းချုပ်ဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဟားမားစ်တွေရဲ့ သိက္ခာမဲ့တဲ့ အလစ်တိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ် တစ်ခုအဖြစ် စွပ်စွဲခဲ့ပြီး မဟာမိတ် အစ္စရေးအတွက် ခဲယမ်းမီးကျောက်နဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့ ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် အဆုံးစွန်ထိ ဆိုးရွားလာတဲ့ အခြေအနေတွေ ကြုံလာရင် လိုအပ်သလို တုံ့ပြန်ဖို့အတွက် မြေထဲပင်လယ်ထဲက အစ္စရေး ပိုင်နက်နားမှာ USS Gerald R. Ford လေယာဉ်တင် သင်္ဘောကြီး အပါအဝင် စစ်အင်အား တိုးမြှင့်ထားလိုက်တာ ဖြစ်ပါတယ်။

စစ်ပွဲဟာ ၄၈ နာရီကျော် ကြာမြင့်လာတဲ့နောက် နှစ်ဖက် အသေအပျောက် ၁၁၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။ အစ္စရေးက ဟားမားစ်တွေရဲ့ အလစ်တိုက်ခိုက်မှုကြောင့် စစ်မှုထမ်းနဲ့ အရပ်သား ၆၀၀ ကျော်သေပြီး ၁၀၀ ကျော် သုံ့ပန်းအဖြစ် အဖမ်းခံထားရကြောင်း ပြောပါတယ်။ အမေရိကန် အစိုးရက ဟားမားစ်တွေ ဓားစာခံအဖြစ် ဖမ်းဆီးထားသူတွေထဲမှာ အရပ်သားတွေ ပါမပါ ပြန်လည် ဆန်းစစ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဂါဇာဖက်မှာလည်း အစ္စရေးရဲ့ အပြင်းအထန် လက်တုံ့ပြန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ နှစ်ဖက် အသေအပျောက် စာရင်းဟာ ကနဦး ခန့်မှန်းချက် အဆင့်သာဖြစ်ပြီး မြေပြင် အခြေအနေအရ အဲဒီထက်လည်း ပိုများနိုင်ပါတယ်။

အစ္စရေး အတွက်တော့ ဟားမားစ်တွေနဲ့ စစ်ပွဲတွေ အကြိမ်ကြိမ် နွှဲလာခဲ့ဖူးသမျှ အဆိုးဆုံး အခြေအနေကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ဂါဇာဖက်ကနေ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို ပစ်လွှတ်ရင်း တပြိုင်တည်းလိုလို ဟားမားစ်တွေက အစ္စရေးရဲ့ နယ်စပ် လုံခြုံရေး စည်းရိုးတွေကို ချိုးဖောက်ပြီး နေရာပေါင်း ၂၂ ခုထက် မနည်းကနေ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလောက် ပမာဏ ကြီးမားတဲ့ စစ်ဆင်ရေးမျိုးကို ရန်သူက စီစဉ် ကြံစည်နေတာကို ကြိုသတင်းမရခဲ့တဲ့အတွက် အစ္စရေး စစ်ထောက်လှမ်းရေးအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေလည်း မြင့်တက်နေပါတယ်။

သူတို့ရဲ့ စစ်ဆင်ရေးကို ဂါဇာအခြေစိုက် တခြား ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေကပါ ပါဝင်ပံ့ပိုး ကူညီခဲ့သလို အီရန် အစိုးရဆီက အထောက်အပံ့တွေလည်း ရခဲ့တယ်လို့ ဟားမားစ်တွေက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ အခုစစ်ပွဲမှာ အီရန်က တိုက်ရိုက် ကိုယ်ထိလက်ရောက် ပါဝင်တဲ့ အထောက်အထား မတွေ့သေးကြောင်း ပြောပေမယ့် အီရန်ဟာ ဟားမားစ်တွေကို နှစ်ပေါင်းများစွာ ပံ့ပိုး ကူညီနေခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Source: VOA, BBC, RFA

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed