October 6, 2023 || Tongsan Media Group ||

အီရန်ဆီကနေ သိမ်းဆည်းရမိထားတဲ့ ကျည်ဆန်တွေကို အမေရိကန်က ယူကရိန်းဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် ရေတပ်ဟာ ယီမင်မှာရှိတဲ့ အီရန်လိုလားတဲ့ ဟိုသီ စစ်သွေးကြွ သူပုန် အဖွဲ့တွေဆီ အီရန်က တင်ပို့လိုက်တယ်လို့ ယုံကြည်ရတဲ့ ကျည်ဆန်တွေကို ရေပြင်မှာ ကြားဖြတ် ဟန့်တား သိမ်းဆည်းနေခဲ့တာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ကျည်ဆန်တွေဟာ ယူကရိန်း စစ်တပ်က အသုံးပြုနေတဲ့ Ak-47 လို ရိုင်ဖယ်တွေမှာ အသုံးပြုနိုင်ပါတယ်။

မနှစ်တုန်းက အီရန်ဆီကနေ ကြားဖြတ် သိမ်းယူထားတဲ့ ကျည်ဆန် တစ်သန်းကျော်ကို ယူကရိန်းဆီ လက်လွှဲ ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့အောက်တိုဘာ ၄ ရက်မှာ အမေရိကန် စစ်တပ်က ပြောကြားခဲ့တာပါ။ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေကို ကြီးမှူးတဲ့ အမေရိကန် ဗဟိုကွပ်ကဲရေး ဌာနချုပ်က ၇.၆၂ မမ ကျည်တောင့်ပေါင်း ၁.၁ သန်းလောက်ကို ယူကရိန်းဆီ ပို့ဆောင်လိုက်တယ်လို့ ကြေညာပါတယ်။

အဲဒီ ကျည်တောင့်တွေကို အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်က ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေဆီ ပို့ဆောင်ချိန်မှာ အမေရိကန်ရဲ့ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်ရေး လေ့လာသူတွေကတော့ အဲဒီ ကျည်ဆန်တွေဟာ စစ်မြေပြင်မှာ အရမ်းကြီးမားတဲ့ အလှည့်အပြောင်းတွေတော့ ဖြစ်လာစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းရဲ့ အလိုအရှိဆုံး စာရင်းမှာ တာဝေးပစ်နဲ့ လေယာဉ်ပစ် လက်နက်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။

အမေရိကန်မှာ အစိုးရ အသုံးစရိတ် ကန့်သတ်ချက်တွေ ရှိနေပြီး ယူကရိန်းအတွက် ထောက်ပံ့ပေးမယ့် ဘတ်ဂျတ်ကို လွှတ်တော်က သီးခြား အတည်မပြုပေးခဲ့တဲ့ ကိစ္စ ကြုံခဲ့တဲ့နောက်ပိုင်း ယူကရိန်း အနေနဲ့ အမေရိကန် စစ်လက်နက်တွေ မရရှိမှာကို အလေးအနက် တွေးပူနေရတဲ့ အခြေအနေကလည်း အခုလို ခဲယမ်းမီးကျောက်တွေ တင်ပို့မှုကြောင့် ပြေလျော့သွားဖွယ် မရှိပါဘူး။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူ့ရဲ့ အစိုးရဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ယူကရိန်းအတွက် မယိမ်းမယိုင် ဆက်လက် အားပေး ကူညီဖို့ စိတ်ပိုင်းဖြတ်ပြီးသားလို့ ပြောကြားထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed