October 5, 2023 || Tongsan Media Group ||

စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်လာပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ခိုလှုံကြတဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တိုက်တွန်းလိုက်ပါတယ်။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးပွဲမှာ အဲဒီလို တိုက်တွန်းတာပါ။ ဒါ့အပြင် မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်များ ဆက်လက်အရေးယူ ဆောင်ရွက်ခြင်း နဲ့ ပတ်သက်တဲ့ အထွေထွေမူဝါဒဆွေးနွေးပွဲ မိန့်ခွန်းမှာလည်း စစ်အာဏာရှင်တွေဟာ တိုင်းပြည် ကို အုပ်လည်း မအုပ်ချုပ်နိုင်၊ စီးပွားရေးကိုလည်း စီမံ မခန့်ခွဲနိုင်တဲ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မပေးစွမ်းနိုင်တာ ထင်ရှားတဲ့အကြောင်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားပါ တယ်။ ဒီအတွက်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ မြန်မာပြည်သူ ပြည်သားတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရဟာ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာတောင် ခိုင်မာတဲ့ လူမှုစီးပွား မူဝါဒတွေနဲ့ ဖွံ့ဖြိုးတိုးတက်နှုန်းကို ထိန်းသိမ်းထားခဲ့ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အရင် ရွေးကောက်ခံအရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ် တဲ့အကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တင်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed