ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော် မှာ စစ်ကောင်စီ စစ်ကြောင်းတွေကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့ရာ (SAM) တပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်တပ်က ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သာလွန်လူအင်းအား၊ နည်းပညာမြင့် Drone တွေ၊ လက်နက်ကြီးပစ်ကူတွေ၊ တာဝေးပစ် ဒုံးကျည် (Missiles) တွေအပြင် လေကြောင်းတိုက်ခိုက်မှုအသာစီးယူပြီး မြဝတီမြို့နယ် ရသေ့ဂူ၊ မင်းလက်ပံ၊ ဖလူးကျေးရွာတွေသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်ကြောင်းတွေကို အောက်တိုဘာ ၃၁ ရက်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရများစွာရခဲ့တဲ့အပြင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေကို KNU/KNLA ဦးဆောင်တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း၊ Justice Soldier စစ်ကြောင်းနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပေါက်မဟုတ်တဲ့ နည်းမျိုးစုံနဲ့ ယုတ်မာရက်စက်မဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့ တိုက်တွန်းကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။



Hits: 0
