ရှမ်းမြောက်ဒေသအတွင်း၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ – လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက်တွင် ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား ၂၀၀ခန့် (စခန်းတစ်ခုလုံး) လက်နက်ချ အညံ့ခံခဲ့‌ကြောင်း ရက္ခိုင့်တပ်တော် (AA)က အသိပေးထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချအညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားကြောင်း အသိပေးထားသည်။ တောင်ရှည်တောင် ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AAနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဖော်ပြသည်။ မည်သည့်တပ်ဖွဲ့များဖြစ်သည်ကိုမူ အသိပေးထားခြင်းမရှိပေ။

ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းများကိုချေမှုန်းတိုက်ခိုက် လျက်ရှိဟုလည်း ထုတ်ပြန်သည်။ ဇန်နဝါရီ ၇ရက်မှစ၍ ပလက်ဝဒေသ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

ကျန်ရှိနေသေးသော စစ်ကောင်စီ၏စခန်းအချို့ကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ဟု အသိပေးသည်။ ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၄ဦးခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားသည် ဟုဆိုသည်။

၂၀၂၃ ဒီဇင်ဘာ ၂၉ရက်တွင်လည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၁ဦးသည် အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးဝင် ရောက် သွားခဲ့သည်။ ယင်း စစ်ကောင်စီတပ်သားများကို အိန္ဒိယအစိုးရမှ ဇန်နဝါရီ ၂ရက်တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

မြောက်ဦးမြို့နယ် သင်းကျစ်တော်တောင် စခန်းကို ယမန်နေ့ (ဇန်နဝါရီ၇ ရက်) ညနေ ၄နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက အချိန်မရွေးဆက်သွယ်နိုင်ကြောင်း AA က ထပ်မံအသိပေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed