ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ပြီး ကွတ်ခိုင်မြို့ကိုလည်း ထိန်း ချုပ်နိုင်ပြီဟု တအာင်းတပ်မတော် (TNLA) သတင်းပြန် ကြားရေးအရာရှိက ပြောသည်။ ကွတ်ခိုင်မြို့ စစ်ကောင်စီတပ် စခန်းကို ဒီဇင်ဘာလကုန်တွင် TNLA က ထိုးစစ်ဆင်ရာ ၁၀ရက်အကြာ ယမန်နေ့ (ဇန်နဝါရီ ၇ရက်) ညတွင် သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကွတ်ခိုင်တပ်စခန်းကို တော့ မနေ့တုန်းက ကျမတို့ တပ်ဖွဲ့ကဗျူဟာကုန်းကိုဝင်ပြီးတော့ တိုက်ခိုက်ပြီးတော့မှ စခန်းကိုရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ် ။ အခုအနေအထားက ကွတ်ခိုင်ကို ထိန်းချုပ်ထားတဲ့ အနေအထားလို့ ပြောလို့ရပါတယ်” ဟု TNLA ပြန်ကြားရေး အရာရှိက ပြောသည်။ သို့သော် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အသေးစိတ် သတင်း မတက်လာသေးဟု ဆိုသည်။ “အခု (ကွတ်ခိုင်)အပါအဝင် ၇မြိုရှိပြီ” ဟု TNLA သိမ်းနိုင်သည့် မြို့အရေ အတွက်ကိုပြောပြသည်။

ယမန်နေ့တွင် သိန္နီမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၆)နောက်တန်းဌာနချုပ်ကိုလည်းသိမ်းထားဟု ညီနောင်သုံးဖွဲ့က ထုတ် ပြန်ထားသည်။ သိန္နီမြို့တွင် နောက်ဆုံးကျန်နေသည့် တပ်စခန်းလည်း ဖြစ်သည်။ မြို့ကို ၁၀၂၇ စစ်ဆင်ရေး အစကတည်းက ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။

“သိန္နီကျတော့ ကျမတို့ ဝင်တိုက်တာမဟုတ်ဘူး။ မနေ့တုန်းက မဟာမိတ်တပ်ဖွဲ့ က ဝင်တိုက်တာဖြစ်တယ်” TNLA ပြန်ကြားရေး အရာရှိက ပြောသည်။ မြို့ခံတစ်ဦးက “သိန္နီကို မနေ့ကတည်းက မဟာမတ်တွေသိမ်းသွားတာ။ ဒီနေ့ ဘာပစ်ခတ်သံမှ မကြားရတော့ဘူး။ အရေးအကြီးဆုံးက စစ်ရှောင်နေသူတွေကို ပြန်လက်ခံဖို့ပါ။ ဒါကို စနစ်တကျ ကူညီစေချင်တယ်” ဟု ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed