October 10, 2023 || Tongsan Media Group ||

မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ အောက်တိုဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း မြန်မာဘက်ကသယ်လာတဲ့ ကွမ်းသီးခြောက်အိတ် (၁၅၀၀ ကျော်) ရူပီး သိန်းခုနစ်ရာနီးပါး (မြန်မာငွေ သိန်း ၂၄,၅၀၀ ခန့်) ကို အာသံရိုင်ဖယ်တပ်နဲ့ အကောက်ခွန်ဌာနတို့ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်က ကျန်ဖိုင်းခရိုင် ချုံတဲ (Chhungte) နဲ့ ဇိုထာလ် (Zotlang) ရွာကြားမှာ မြန်မာဘက်ကနေ တရားမဝင် သယ်လာတဲ့ ကွမ်းသီးအိတ် ၉၇၁ အိတ်ဖမ်းဆီးခံရပြီး အောက်တိုဘာ ၈ ရက်နေ့မှာလည်း Chhungte ရွာအနီးမှာ ကွမ်းသီးခြောက် ၂၄၉ အိတ် ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနှစ်ရက်အတွင်းမှာတင် သိမ်းဆည်းရမိတဲ့ ကွမ်းသီးခြောက်တန်ဖိုးဟာ ရူပီး သိန်း ၆၀၀ ခန့်(ကျပ်ငွေ သိန်း ၂၁,၀၀၀ ခန့်) ရှိတယ်လို့ မီဇိုရမ်နယူးစ်က အောက်တိုဘာ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကလည်း ကော်လစစ်နဲ့ ဘိုင်းရဘီးမြို့အကြားမှာ ကုန်တင်ကားသုံးစီးနဲ့ သယ်လာတဲ့ ရူပီးငွေ ၉၅ သိန်းကျော် (ကျပ်ငွေ သိန်းသုံးရာကျော်) တန်ဖိုးရှိ ကွမ်းသီးခြောက် ၂၉၉ အိတ်ကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘက်ကနေ အိန္ဒိယဘက် ကွမ်းသီး တင်ပို့ရောင်းချမှုကို အိန္ဒိယဘက်က ကန့်သတ်ပိတ်ပင်ခဲ့တာပါ။ အရင်ကလည်း တရားမဝင် သယ်ယူပို့ဆောင်တာတွေ ရှိခဲ့ပေမယ့် ဖမ်းဆီးမှုမရှိခဲ့ဘဲ အခုနောက်ပိုင်းမှ မကြာခဏ ဖမ်းဆီးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်တင်ကားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အရင်က သူတို့ပိတ်ထားပေမယ့် မှောင်ခိုကနေလည်း သယ်ကြတာပဲ။ မဟုတ်ရင် ကွမ်းသီးစျေးကွက် အလုပ် သိပ်မဖြစ်ဘူးလေ။ အခုလပိုင်းတော့ တော်တော်ကျပ်တယ်။ ခဏခဏ မိတယ်။ မိရင်တော့ သွားပြီး၊ အဲဒါ ပါလာတဲ့ဟာ မှန်သမျှ မီးရှို့ခံရတော့တာပဲ” အောက်တိုဘာ ၇ ရက်နေ့လည်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဇိုခေါ်ထာ (Zokhawthar) နဲ့ မလ်ဘု (Melbuk) ရွာအကြားမှာ တရားမဝင် သယ်လာတဲ့ ရူပီးငွေ ၂၆ သိန်းကျော် (ကျပ်ငွေ သိန်းကိုးရာကျော်) တန်ဖိုးရှိတဲ့ စီးကရက် ၁၇ ဖာ၊ ဘီယာ ၈၈ ဖာ၊ ဝိုင် ၁၆ ဖာနဲ့ ဝီစကီအရက်တွေကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ငါးသောင်းကျော်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed