October 10, 2023 || Tongsan Media Group ||

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဟားမားစ်တွေနဲ့ စစ်ခင်းနေတဲ့အချိန် လက်ဘနွန်ဖက်မှာပါ အစ္စရေး အနေနဲ့ စစ်မျက်နှာအသစ် ဖွင့်ရနိုင်တဲ့ အခြေအနေမျိုး ကြုံလာရပါတယ်။ ဟားမားစ်တွေက အစ္စရေး တောင်ပိုင်းကို အင်အား အလုံးအရင်းနဲ့ ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့နောက် အောက်တိုဘာ ၇ ရက်ကစလို့ ဂါဇာမှာ စစ်ပွဲတွေ အပြင်းအထန် ဖြစ်နေပါတယ်။ လက်ဘနွန်ရဲ့ အင်အားကြီး လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ ဟက်ဇ်ဘိုလာတွေက ဟားမားစ်ကို ထောက်ခံပြီး အစ္စရေး နယ်စပ်ကို ထိပါး အကဲစမ်းလာလို့ နယ်စပ်နားမှာ အစ္စရေးက တပ်တွေ ဖြည့်ထားရပါတယ်။

အောက်တိုဘာ ၉ ရက်မှာတော့ လက်ဘနွန်ကို ဖြတ်ကျော်ပြီး အစ္စရေးပိုင်နက်ထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ပါလက်စတိုင်း ပြောက်ကျား အနည်းဆုံး ၃ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အစ္စရေးက ကြေညာပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ဟက်ဇ်ဘိုလာတွေက အစ္စရေး ပိုင်နက်ဖက်ကို ဒုံးကျည်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် နှစ်ဖက် တင်းမာမှုတွေကို လျင်လျင်မြန်မြန် မြင့်တက်လာစေပြီး အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေး-ဟားမားစ် ပဋိပက္ခထက် ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲကြီး ပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဟက်ဇ်ဘိုလာတွေက သူတို့ဟာ အစ္စရေးမြောက်ပိုင်း၊ ဂါလီလီ ဒေသမှာရှိနေတဲ့ ရန်သူ့ စစ်ရေး ကွပ်ကဲမှု ဌာန နှစ်ခုကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အခုလို တိုက်ခိုက်တာဟာ အစ္စရေးရဲ့ ရန်လိုမှုကြောင့် အသက်ပေးခဲ့ရတဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ အစ္စလာမ်မစ် ဂျီဟတ်ရဲ့ ရဲဘော်ရဲဘက် သုံးဦးအတွက် လက်စားချေတာလို့လည်း ဟက်ဇ်ဘိုလာတွေက ကြွေးကြော်ခဲ့ပါတယ်။

ညပိုင်းမှာတော့ အစ္စရေးက ရဟတ်ယာဉ်တွေ စေလွှတ်ပြီး လက်ဘနွန် တောင်ပိုင်းက စစ်အခြေစိုက် စခန်းတချို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စလာမ်မစ် ဂျီဟတ်က အင်အား အလုံးအရင်းနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပေမယ့် အစ္စရေးစစ်သည် ၁ ဦးကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အစ္စရေး စစ်ဘက်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ ပြောက်ကျားတွေ ကြားမှာလည်း တိုက်ရိုက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဟက်ဇ်ဘိုလာတွေဟာ အစ္စရေးရဲ့ မဟာရန်သူ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်က ၁၉၈၂ ခုနှစ်မှာ စတင်ထူထောင်ပေးလိုက်တဲ့ လက်နက်ကိုင် အင်အားစုတစ်ခု ဖြစ်ပါတယ်။ အဲဒီတုန်းက အစ္စရေးက လက်ဘနွန်နဲ့ စစ်ဖြစ်တဲ့နောက် အီရန်က ဒေသခံ လက်နက်ကိုင် အစုအဖွဲ့ အနေနဲ့ ဟက်ဇ်ဘိုလာကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ ထိပ်တိုက် စစ်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး ၃၄ ရက် အကြာမှာ အဆုံးသတ်ခဲ့ပါတယ်။ နှစ်ဖက် စစ်တပ်တွေကြား နယ်စပ်ကို ဖြတ်ကျော်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်တွေကတော့ ကြိုကြားကြိုကြား ဆက်လက် ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ အစ္စရေးဟာ ဂါဇာ စစ်မျက်နှာမှာ အစွမ်းကုန် အာရုံစိုက်ထားပေမယ့် လက်ဘနွန်ဖက်ကိုလည်း မျက်ခြေအပြတ် မခံဘဲ နိုးနိုးကြားကြား စောင့်ကြည့်နေရပါတယ်။ ဂါဇာဟာ အစ္စရေးရဲ့ အနောက်တောင်ဖက်ခြမ်းမှာ တည်ရှိပြီး လက်ဘနွန်ကတော့ အစ္စရေးနိုင်ငံ မြောက်ပိုင်းနဲ့ နယ်နိမိတ် ထိစပ်နေတာ ဖြစ်ပါတယ်။

Israeli soldiers run for cover near Sderot on October 9, 2023, during a rocket attack from the Gaza Strip. Israel continued to battle Hamas fighters on October 9 and massed tens of thousands of troops and heavy armour around the Gaza Strip after vowing a massive blow over the Palestinian militants’ surprise attack. (Photo by JACK GUEZ / AFP)

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed