October 10, 2023 || Tongsan Media Group ||

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်ကျော်ဝန်းကျင်တွင်သာ ရှိသည့် မုန်လိုင်ခက်ရွာတွင် ဒေသခံနှင့် စစ်ဘေးရှောင်များ လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညဉ့်နက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၂ ဦးသေဆုံးပြီး ၆၀ ဦး​ခန့် ရှိကာ ထိုထဲမှ ၄၄ ဦး ဆေးကုသနေရသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

တိုက်ခိုက်မှုအတွင်း Mung Lai Hket IDP စခန်းတွင် အိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် အနည်းဆုံး ကလေး ၁၃ ဦးနှင့် IDP အများအပြားလည်း ပါဝင်ခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများထဲမှ အလောင်းများကို ဖယ်ရှားရန် ကြိုးပမ်းနေကြပြီး အများအပြားသည် စိုးရိမ်ရသည့် အခြေအနေတွင် ကြုံတွေ့နေရဆဲဖြစ်သောကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

KIAနှင့် စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှစ၍ လိုင်ဇာအနီးရှိနမ့်ဆန်ယန်ဒေသနှင့်ဆက်စပ်ဒေသများဖြစ်သည့် မြစ်ကြီးနား- ဗန်းမော်လမ်း၌ တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိရာ ယခုအခါ စစ်ရှောင်များနေထိုင်ရာ အရပ်သားပစ်မှတ်ကို စစ်ကောင်စီတပ်က ဦးတည်တိုက်ခိုက်လာခြင်းဖြစ်သည်။ သေဆုံးသူများ၏ ဈာပနအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၀ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး တစ်တိုင်းပြည်လုံး ကချင်အလံအားတစ်ဝက်ချလွှင့်ထူ၍ ဝမ်းနည်းကြောင်းပြသခဲ့သည်ကို သိရှိရပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ အောက်တိုဘာလကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ အရပ်သားပြည်သူများစွာနေသည့် နေရာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၊ လုပ်ငန်းရှင်များ၊ အဆိုတော်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဝန်ထမ်းများ အများအပြား သေဆုံးဒဏ်ရာရခဲ့သည်။ KIO အထိမ်းအမှတ်နေ့ဂီတပွဲနေရာအား လေကြောင်းက ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက်သူ ၁၀၀ကျော်ရှိခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရပ်ကျေးအုပ်ချုပ်ရေးရုံးဖွင့်ပွဲကိုလည်း စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၇၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီတပ်သည် စာသင်ကျောင်းများ၊ စစ်ရှောင်စခန်းများ၊ကျေးရွာများ စသည့် ပြည်သူနေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed