အောက်တိုဘာ ၇ ရက်နေ့က ဂါဇာဒေသမှာရှိတဲ့ အစ္စရေးမြို့တွေ ရွာတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူ ထိုင်းနိုင်ငံသား ၈ ယောက်ရဲ့ ရုပ်အလောင်းတွေ ဒီနေ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတယ်။ Hamas တို့ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား အယောက် ၃၀ သေဆုံးခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။

သေဆုံးခဲ့သူတွေထဲက ပထမအသုတ်အဖြစ် ၈ ယောက်ရဲ့ အလောင်းတွေ အစ္စရေး ခရီးသည်တင်လေယာဉ်နဲ့ ဘန်ကောက်မြို့က Suvarnabhumi (သုဝဏ္ဏဘူမိ) နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။ သေဆုံးသူတွေအတွက် လေဆိပ်မှာ ဘာသာရေးအရ ဝတ်ပြုပွဲကို ထိုင်းတာဝန်ရှိသူတွေက ပြုလုပ်ခဲ့တာမှာ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့လည်း တက်ရောက်ပါတယ်။ ဒီရုပ်အလောင်းတွေကို သူတို့နေရပ်ဒေသတွေဆီကို အသုဘအခမ်းအနားကျင်းပနိုင်ဖို့ ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးမှာ သေဆုံးခဲ့သူတယောက်ချင်းကို စိစစ်နေတဲ့အတွက် အလောင်းတွေ နေရပ်ပြန်ပို့ရေးမှာ ကြန့်ကြာနေတာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံအနှံ့ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသား ၃ သောင်းလောက်ရှိပြီး နေရပ်ပြန်လိုတယ်လို့ စာရင်းပေးထားသူ ၈ ထောင်ကျော်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီနေ့ အစ္စရေးလေယာဉ်နဲ့ ပြန်ပါလာတဲ့ ထိုင်းနိုင်ငံသား ၅၀၀ လောက်ရှိပြီး ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံး ပြန်ခေါ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ထိုင်းအလုပ်သမားရေးဌာန အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed