ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာဒေသခံများသည် ယမန်နေ့၊ နံနက်ပိုင်းက တောထဲသို့ လိပ်ပြာဥ ရှာရန် ထွက်လာစဉ် အသက် ၅၀နှစ် အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး ၎င်းနေရာတွင် သေဆုံးသွားကြောင်းသိရသည်။ ဒေါ်ဗျက်ဇနှဲမ်သည် မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သားသမီး ခြောက် ဦးကျန်ရစ်ခဲ့ကြောင်းဒေသထံများထံမှ သိရသည်။

“ စစ်ကောင်စီရဲ့ ထင်းရှုးစခန်းထိပ်နားလေးမှာ တိုက်မိုင်းတွေထောင်တယ်။ မသိဘဲနဲ့လား၊ ဒါမှမဟုတ် လမ်းမှားရင်းနဲ့ နင်းမိတာလားတော့ မသိဘူး။ ပေါက်ကွဲသံကြားကြားချင်း သူနဲ့ အတူတူသွားတဲ့ သူတွေက သွားကြည့်တော့ အဲ့မှာတင် ပွဲချင်းပြီးဆုံးနေပြီလို့ သိရတယ်” ဟု CNDF၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျုံးငိုင်းက ပြောကြားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံစုစုပေါင်း ငါး ဦးသေဆုံး၍ ငါး ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

“အခုလည်း တော်လှန်ရေးကာလဖြစ်တယ်။ တိုက်ပွဲတွေ အမြဲတမ်းဖြစ်နေတဲ့အတွက် သူတို့ဘက်ကလည်း သတိကြီးကြီးထားတဲ့ အနေအထားဖြစ်တဲ့အတွက် တပ်စခန်းရဲ့ အနီးတဝိုက်တွေမှာ မသွားကြဖို့ ဒီအတွေ့အကြုံကနေပြီးတော့ သတိပြုကြပါ၊ ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောဆိုသည်။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံစုစုပေါင်း ၂၁ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed