ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။ ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား မိမိတို့ KNDF ၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိကြောင်း သိရှိရသည်။

Hits: 5

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed