ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အိန္ဒိယဘက် ထွက်ပြေးခြင်းက အစဉ်အလာတစ်ခု ဖြစ်လာပြီး ယနေ့ (ဇန်နဝါရီ ၁၇) တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦးသည် နယ်စပ်ဖြတ်ကျော်ပြီး ထပ်မံထွက်ပြေးလာကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားကြသည်။

၎င်းတို့သည် ယနေ့ ညနေ ၄ နာရီခန့်တွင် မြန်မာဘက်မှ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်လာသည်ဟု မီဇိုရမ်နှင့် ချင်းပြည်နယ်အခြေစိုက် သတင်းဌာနများက ရေးသားကြသည်။ စစ်သားများ အိန္ဒိယသို့ ထွက်ပြေးသည်က ၂၀၂၃ နိုဝင်ဘာတွင် ၃ ကြိမ်၊ ဒီဇင်ဘာတွင် ၁ ကြိမ်နှင့် ၂၀၂၄ ဇန်နဝါရီတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်သည်။ ထိုအဖြစ်အပျက်များအတွက် စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

၎င်းတို့သည် မည်သည့်စစ်စခန်းမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း အိန္ဒိယဘက်က ထုတ်ဖော်မပြောသေးသော်လည်း ချင်းပြည်နယ် ပလက်ဝတိုက်ပွဲများမှ ထွက်ပြေးလာကြသူများဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းဌာနများက ရေးသားကြသည်။ AA ၏ ဇန်နဝါရီ ၁၄ ထုတ်ပြန်ချက်အရ ၎င်းတို့သည် ပလက်ဝဒေသရှိ “နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ” စခန်းများမှ ဖြစ်နိုင်သည်။ ထိုစခန်းများကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အိန္ဒိယနိုင်ငံဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အိန္ဒိယဘက်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယအစိုးရက ဆေးဝါးကုသမှုပေးပြီး မြန်မာဘက်ခြမ်းသို့ စစ်ကောင်စီ၏အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်လေ့ရှိသည်။ ရက္ခိုင့်တပ်တော် (AA) ၏ စခန်းသိမ်းတိုက်ပွဲများကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့တွင် အိန္ဒိယက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု The Times of india သတင်းဌာနက ရေးသားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed