Tongsan I နိုဝင်ဘာ ၆ ရက်၊ ၂၀၂၆ ခုနှစ်။

ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများအကြား ဘာသာစကားကွဲပြားမှုကို ကျော်လွှားပြီး ပြည်သူများအကြား နားလည်မှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန် မီဇိုဘာသာစကားကို ဘုံဆက်သွယ်ရေးဘာသာစကားအဖြစ် အသုံးပြုသင့်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားသည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် နိုဝင်ဘာ ၃ ရက်က Chin Pawlpi Mizoram ဦးစီးကျင်းပသည့် Chin Kum Thar အခမ်းအနား၌ ၎င်းက အဆိုပါအကြောင်းအရာကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ချင်းဒေသအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခုကြား ဒေသသုံးဘာသာစကားများ ကွဲပြားနေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ယင်းကွဲပြားမှုများသည် ချင်းလူမျိုးတို့၏ ယဉ်ကျေးမှုစုံလင်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဆလိုင်းယောမာန်က ပြောသည်။

ထို့ကြောင့် မီဇိုဘာသာစကားကို ဘုံဆက်သွယ်ရေးဘာသာစကားအဖြစ် အသုံးပြုနိုင်ပါက ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများအကြား ဆက်သွယ်ရေး ပိုမိုလွယ်ကူလာမည်ဖြစ်သလို မီဇိုရမ်ပြည်နယ်သို့ သွားရောက်နေထိုင်သည့်အခါတွင်လည်း အပြန်အလှန်နားလည်မှု ပိုမိုကောင်းမွန်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ ဘာသာစကားဆက်သွယ်မှု တိုးတက်ကောင်းမွန်လာခြင်းသည် ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် နယ်စပ်စီမံခန့်ခွဲရေးကဏ္ဍများတွင်လည်း အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ကြောင်း ၎င်းက ဆိုသည်။ ချင်းစစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးခဲ့သည့် မီဇိုရမ်အစိုးရနှင့် ပြည်သူများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင်လည်း နှစ်ဖက်အပြန်အလှန် အကျိုးပြုကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း ဆလိုင်းယောမာန်က ပြောကြားခဲ့သည်။

တစ်ဆက်တည်းတွင် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၌ ကြီးမားသည့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ထိုအခြေအနေများကို ရင်ဆိုင်နိုင်ရန် ချင်းပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ လက်ရှိမြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးအကျပ်အတည်းများကြားတွင် ချင်းပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် မီဇိုရမ်နှင့် ချင်းပြည်နယ်အကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။

Source : Kimo Media

Hits: 0

ByAdmin

Leave a Reply

Your email address will not be published. Required fields are marked *