အောက်တိုဘာ ၁၆ ရက်
မလေးရှားနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်ကြတဲ့ တီးတိန်မျိုးနွယ်စုဝင် ဇိုမီး(ချင်း)တိုင်းရင်းသားတွေ စုပေါင်းကျင်းပတဲ့ နှစ်စဉ်ရိုးရာယဉ်ကျေးမှု ခွာဒို ပွဲတော်ကို ဇိုမီးလူမျိုး ၄,၀၀၀ ကျော် တက်ရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ခွာဒို ပွဲတော်ကို ဇိုမီးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပြီး ဇိုမီးလူမျိုးတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်အတွင်းမှာ ဇိုမီးရိုးရာ အကအလှတွေ၊ ရှေးရိုးရာဓလေ့ထမ်းတမ်းတွေနဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပွဲတော်မှာ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာရပ်တွေကို ပေါ်လွင်ထင်ရှားစေဖို့ ထည့်သွင်းပြသခဲ့ကြရာ တက်ရောက်လာကြသူတွေက စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ “နိုင်ငံရပ်ခြားမှာ ရောက်နေပေမယ့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်ကို ဒီလိုမျိုး စည်စည်ကားကားနဲ့ ပြန်တွေ့ရမယ်လို့ မထင်ထားခဲ့မိဘူး။ အခုလို တစ်နေရာတည်းမှာ ဆုံတွေ့ဆုံခွင့်ရပြီး ကိုယ့်လူမျိုးတွေနဲ့အတူ ရိုးရာအစားအစာတွေ စားသုံးရတာနဲ့ အကတွေကြည့်ရတာ တကယ်ကို ရင်ထဲမှာ အိမ်ကိုပြန်ရောက်သွားသလို ခံစားရပြီး ပျော်မိပါတယ်” လို့ ပွဲတော်ကို တက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။ ပွဲတော်ကို လာရောက်ကြသူတွေအတွက် ဗမ်ချင် (Vamcim)၊ ဆန်ဂို (Sango) အပါအဝင် မြိန်ရှက်ဖွယ်ကောင်းတဲ့ ဒေသထွက် ဇိုမီးရိုးရာ အစားအစာမျိုးစုံကို ခင်းကျင်းရောင်းချပေးခဲ့ရာ ပွဲလာပရိသတ်တွေ အထူးနှစ်ခြိုက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံထဲမှာ နယ်ပယ်အသီးသီးမှာ အလုပ်အကိုင်နဲ့ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ရောက်ရှိနေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေဟာ ယခုလို ရိုးရာပွဲတော်တွေကနေတစ်ဆင့် တစ်နေရာတည်းမှာ စုစည်းတွေ့ဆုံခွင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Samuel
Hits: 0