အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့က စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CN A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မြို့သိမ်း တိုက်ပွဲကို စတင်လာပြီး စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အိန္ဒိယ-မြန်မာနယ်စပ်က ရိခေါဒါရ်မြို့ကို ယမန်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု ချင်းအမျိုးသားတပ်ဦး ဆလိုင်းထက်နီက ပြောသည်။

“စစ်ကောင်စီကို စီးပွားရေးအရ အထောက်အပံ့ ပြုနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်တဲ့ အတွက် ကျနော်တို့ ဝင်သိမ်းတာဖြစ်တယ်။ သူတို့အတွက် အရေးကြီးသလို ကျနော်တို့အတွက်လည်း အင်မတန်မှ ဗျူဟာကျတဲ့ မြို့ဖြစ်တယ်။ ဒါက ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။ ဆက်လက်ထိန်းနိုင်ဖို့က ပြည်သူ ပူးပေါင်းပါဝင်မှု ကျနော်တို့ ဘက်က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စုစည်းနိုင်မှု အားက အများကြီးလိုပါတယ်။ အတတ်နိုင်ဆုံးပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်က ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ က စစ်ကောင်စီစခန်းများကို စတင် တိုက်ခိုက်ခဲ့ရာ မြို့တောင်ကုန်းပေါ်က အထိုင်းစခန်းကြီးတစ်ခုကို နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စစ်စခန်းကို ညနေပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ကို ထိန်းချုပ်ထား၍ နယ်မြေ ရှင်းလင်း ရေးများ ဆောင်ရွက်ကာ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုး သားတပ်ဦး CNF အလံကို လွှင်ထူထားသည်ဟု တွေ့မြင်ရသည်။

ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA၊ CDF – Hualngoram ၊ CDF- ထန်တလန်၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDA)၊ CDF -Zanniatram (ဇန်ညှက်ရမ်) စသည့် (၅)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး CNF/CNA မှ ရဲဘော် ၅ ဦး၊ PDA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးတချို့မှာ ဒဏ်ရာများ ပြင်းထန်သည်ဟု သိရသည်။ စစ်စခန်း (၂) ခုမှ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားနှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အတိအကျ မသိရသေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူး ၁ ဦး အပါအဝင် (၇) ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး တပ်သား ( ၃၀ ) ကျော်မှာ အိန္ဒိယဘက်သို့ ထွက်ပြေး၍ အိန္ဒိယအာဏာပိုင်များက ထိန်းသိမ်းထားသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် ပြည်သူများ မိုင်းအန္တရာယ်ကို ရှောင်းရှားနိုင်ရန် ရိဒ်ခေါဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ကို ဆက်သွယ် ထားသည့် လမ်းကြောင်းများ အားလုံးကို အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ထားသည်ဟု ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် CDF Hualngoramက ထုတ်ပြန်သည်။

“မနေ့က တိုက်ပွဲက စခန်း ၂ ခုကို သိမ်းပြီးတော့ စစ်တပ်က လေကြောင်းလိုင်းကနေ ပြည်သူတွေကို တခြားဒေသတွေလိုမျိုး လေယာဉ်နဲ့ ဗုံးကြဲတာမျိုး ရှိနိုင်တယ်။ စစ်တပ်က ဆင်ထားတဲ့ ဗုံးတွေက အန္တရာယ်ရှိတဲ့ နေရာတွေ ရှိနိုင်တယ်။ ဒါကြောင့် သွားသွားလာလာ မရှိအောင် တားမြစ်ခြင်း ဖြစ်ပါတယ်။ ဒီကာလမှာ ကျနော်တို့ တပ်ပေါင်းစုက စခန်း ၂ ခုရယ်၊ စစ်သားတွေ ထွက်ပြေးသွားတဲ့ လမ်းကြောင်းရယ်မှာ နယ်မြေ ရှင်းလင်းရေး လုပ်မှာဖြစ်ပါတယ်” ဟု CDF- Hualngoramမှ ပြောရေး ဆိုခွင့်ရှိသူ Pu Kima က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့ သောကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်တွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့သောကြောင့် စစ်ဘေးရှောင်တစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ ရိဒ်ခေါ်ဒါရ်မြို့ ဒေသခံပြည်သူများအားလုံးနီးပါး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချအညံ့မဘဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သား ၄၃ ဦးကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်နှင့် စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအ၀◌င် စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချအညံ့ခံခဲ့သော် လည်း ၄၃ ဦးတို့မှာ နယ်စပ်ချောင်းကိုဖြတ်ကျော်ကာ တဖက်နိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာထဲသို့ ထွက်ပြေးသွား ကြပြီး အိန္ဒိယစစ်တပ်နှင့် မီဇိုရမ်ရဲတပ်ဖွဲ့ထံ လက်နက်ချခိုလုံခဲ့ကြခြင်းဖြစ်သည်။ ယနေ့မနက်ပိုင်းက မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ် Hnahhlan ကျေးရွာကတဆင့် ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်သား ၄၃ ဦးတို့ကို မဏိပူရ်ပြည် မီုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် တမူးမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed