ရန်ကုန်၊ စက်တင်ဘာ ၁၈

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်ဇန်ကျေးရွာရှိ Lamzang Baptist Church မှ လက်ထောက်သင်း အုပ်ဆရာ Reverend Dal Thawn Tuang ကို မြန်မာစစ်တပ်က စက်တင်ဘာ ၁၄ ရက်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အမေရိကန်အစိုးရအနေဖြင့် အရေးပေါ်အရေးယူဆောင်ရွက်ပေးရန် Burma Research Institute (BRI)က တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်အချိန် အသက် ၄၉ နှစ်အရွယ် ခရစ်ယာန်သင်းအုပ်ဆရာ Reverend Dal Thawn Tuang သည် တီးတိန်မြို့နယ် Kaptel တံတားအနီး၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ Lamzang Baptist Church တွင် ၂၂ နှစ်ကြာ အမှုတော်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းတွင် ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပြီး စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် Lamzang ကျေး ရွာ၌ ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခရစ်ယာန်သင်းအုပ်ဆရာ Dal Thawn Tuang သည် Kaptel တံတားအနီးတွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ စစ်တပ်က ၎င်းကို သေနတ်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

Lamzang Baptist Church ပါဝင်သည့် Tiddim Baptist Convention (TBC) က စက်တင်ဘာ ၁၆ ရက်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်စာ ထုတ်ပြန်ခဲ့ပြီး Pastor Tuang ကို ဘုရားသခင်အပေါ် သစ္စာရှိစွာ အမှုတော်ဆောင်ခဲ့သူအဖြစ် ဂုဏ်ပြုဖော်ပြထားသည်။

BRI ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် American Baptist Churches USA ၏ ယခင်အထွေထွေအတွင်းရေးမှူး Reverend Dr. Robin Stoops က Pastor Dal Thawn Tuang ၏ မိသားစုနှင့် Tiddim Chin Baptist Convention အပေါ် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ဖြစ်စဉ်ကို ခရစ်ယာန်များအပေါ် အကြမ်းဖက်မှုများ တိုးပွားလာနေသည့် အခြေအနေတစ်ရပ်အဖြစ် ပြောဆိုထားသည်။

BRI က Pastor Dal Thawn Tuang သေဆုံးမှုသည် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များ၊ ဘုရားကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ပုံစံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောဆိုထားသည်။

BRI ၏ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထုတ် အစီရင်ခံစာတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၃၄၃ ခု ပျက်စီး သို့မဟုတ် ထိခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ခရစ်ယာန် ၁၄၉ ဦး သေဆုံးပြီး ၂၁၈ ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း BRI က ဖော်ပြထားသည်။ ချင်းပြည်နယ် တန်တလန်မြို့တွင်လည်း ဘုရားကျောင်း ၂၂ ကျောင်းအနက် ၂၁ ကျောင်း ပျက်စီးခဲ့ပြီး မြို့၏ လူဦးရေတစ်ရပ်လုံး နေရပ်စွန့်ခွာခဲ့ရကြောင်း BRI က ဆိုသည်။ ထို့အပြင် ချင်းပြည်နယ် ချွန်ချောင်းကျေးရွာရှိ Chungcung Baptist Church မှ Pastor William နှင့် ခရစ်ယာန်ဘာသာဝင် Nam Ceu တို့ကိုလည်း ဇွန်လ ၄ ရက်တွင် မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း BRI နှင့် International Christian Concern တို့က ဖော်ပြထားသည်။

BRI ဥက္ကဋ္ဌနှင့် CEO Zo Tum Hmung က အမေရိကန်သမ္မတထရမ့် အနေဖြင့် ခရစ်ယာန်ဘာသာဝင်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုထားသည်။ ထို့အပြင် အမေရိကန်အိမ်ဖြူတော်အနေဖြင့် အကျဉ်းသားများ၊ သင်းအုပ်ဆရာများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်အပေါ် ဖိအားပေးသင့်ကြောင်း Zo Tum Hmung က တောင်းဆိုထားသည်။

Ref: Yangon Khitthit

Hits: 0

ByAdmin

Leave a Reply

Your email address will not be published. Required fields are marked *